Connect with us

MYANMAR

COVID-19 ကာလ တွင် ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်များနှင့် အကောက်ခွန်သက်သာခွင့် (CO)ပုံစံများကို အွန်လိုင်းမှ လျှောက်ထားနိုင် 

ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိကုန်သေတ္တာ တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) 

COVID-19 ကာလ တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်များနှင့် အကောက်ခွန်သက်သာခွင့် (CO)ပုံစံများကို ရုံးဌာနသို့ လာရောက် ရန်မလိုဘဲ အွန်လိုင်းစနစ်ဖြင့်လိုင်စင်လျှောက်ထားခြင်း ကို ဧပြီ ၁ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာကို ဧပြီ ၅ ရက်တွင်ပြောသည်။

ဦးမင်းမင်းက “ကျွန်တော်တို့ အနေနဲ့ ဧပြီ ၁ ရက်က စပြီး ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေ ကို အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ပေးနေတယ်။ ဆော့ဖ်ဝဲလ် ကို ပြန်ပြင်ဆင်မှုတွေ  လုပ်ထားတယ်။ အဲ့ဒါက ဇွန်လောက်မှ အဆင်သင့် ဖြစ်မယ့် သဘော။ ဒါပေမယ့်လည်း အခု COVID-19 ရောဂါဖြစ်လာတော့ အဲ့ဒါ ကို ပြီးအောင် စောင့်မနေဘဲ လက်ရှိ ရှိတဲ့ဟာကိုပဲ မွမ်းမံစရာရှိတာ မွမ်းမံ ပြီးစလုပ်တဲ့သဘောပါ။ အခြေအနေ အရ လုပ်ရတာပါ”ဟုဆိုသည်။

လက်ရှိအချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှ လျှောက်ထားနိုင်သကဲ့သို့ ဌာနတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုချက် ထုတ်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။ သို့သော် ဧပြီ ၉ ရက်မှစတင်ပြီး အွန်လိုင်းမှ လျှောက်ထားခွင့်ပြုထားသည့် သွင်းကုန်ပစ္စည်းအမယ် ၉၁ မျိုးနှင့် ပို့ကုန်ပစ္စည်းအမယ် ၇၃ မျိုးတို့ကို အွန်လိုင်း စနစ်ဖြင့်သာ လျှောက်ထားခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းပေါ်မှ ခွင့်ပြုထားသည့် ကုန်ပစ္စည်းများကို လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ထပ်မံတိုးမြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုလုပ်ငန်းရှင်များ အား ကုန်သည်စက်မှုအသင်းချုပ် အပါအဝင် အသင်းအဖွဲ့များ မှ တစ်ဆင့် အကြောင်းကြားထားကြောင်း သိရသည်။ 

ဦးမင်းမင်းက “COVID-19 ကာလ မှာ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုင်စင်လျှောက်ရင် သွင်းကုန်လိုင်စင်ကြေး အခ (အခွန်မဟုတ်ဘူး) အခ ပေးရတယ်။ အဲ့ဒါကို အမိန့်ကြော်ငြာစာထုတ်ဖို့ လုပ်နေတယ်။ လိုင်စင် ခ ပေးစရာ မလိုတော့ဘူး။ ဆေးပစ္စည်း အားလုံးကို လိုင်စင်ခ ပေးစရာမလိုဘူး။ လိုင်စင်ခပေးရတဲ့ အခြားသော အမယ်များ အတွက် လိုင်စင်ခ လျှော့ပေးဖို့ လုပ်နေတယ်။ ပို့ကုန် မှာလည်း နောက်ထပ် အမယ် ၂၀၀၀ ကျော် လောက် ဖြေလျှော့သွားဖို့ ရှိတယ်” ဟုပြောသည်။ 

ယခင်ထုတ်ပေးဆောင်ရွက်လျက်ရှိသည့် CMP (အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင် လျှောက်ထားမှု အရေအတွက်အများဆုံးဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်မည့်ပစ္စည်းများ သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးစက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားအုန်းဆီနှင့် ဆီထွက်ကုန်ပစ္စည်းများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အီလက် ထရွန်နစ်ပစ္စည်းများ၊ စွမ်းအင်သုံးပစ္စည်းများ၊ ချောဆီ၊ ဆိုင်ကယ်စက်ဘီးများနှင့် ပို့ကုန်အတွက် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ခဲသတ္တု၊ သကြား၊ သဘာဝဓာတ်ငွေ့ များ အပါအဝင် အခြားသွင်းကုန် ပို့ကုန်ပစ္စည်း ၁၆၄ မျိုးကို အွန်လိုင်းမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အသေးစိတ် ကုန်ပစ္စည်းအမယ်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝက်ဆိုက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။  (Xinhua)