Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ ၅၃ဦးထိ ရှိလာ

COVID-19 ရောဂါပိုးကြိုတင်ကာကွယ်ရေးအဖြစ် ရန်ကုန်မြို့တွင်း maskတပ်ဆင်သွားလာမှု အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ ဧပြီ ၁၃ ရက်၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ဒုတိယအသုတ်အနေဖြင့်ဓာတ်ခွဲနမူနာ (၉၄) ခု အား စစ်ဆေးခဲ့ရာ လူတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိပြီး COVID-19 ရောဂါပိုးရှိသူ ၅၃ဦးထိရှိလာကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ သတ်မှတ်ထားသော နေရာတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားရှိသူ (၁) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန်ဓာတ်ခွဲနမူနာ (၉၃) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ဧပြီ ၁၃ ရက် ည (၉:၀၀) နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈၆) ခု အား စစ်ဆေးခဲ့ရာ (၁၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ ည (၈) နာရီသတင်းတွင် ဖော်ပြထားပြီးသော COVID-19 ရောဂါပိုး တွေ့ရှိရသူ (၁၁) ဦးမှာ ရန်ကုန်တိုင်းဒေသကြီးရှိ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုခြင်း ဆောင်ရွက်ထားသူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၂၀ပြည့်နှစ် မတ် ၂၃ ရက်မှ ဧပြီ ၁၃ ရက်ထိ COVID-19 ရောဂါပိုးရှိသူ ၅၃ဦးရှိပြီး သေဆုံးသူ ၄ ဦးထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)