Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် COVID-19အတည်ပြုလူနာ စုစုပေါင်း ၂ သန်းကျော်ရှိလာ၊ တိုကျို အိုလံပစ်အားကစားပွဲတော်အား သတ်မှတ်ကာလအတိုင်း ကျင်းပသွားမည်ဟု ဆို

ပြင်သစ်နိုင်ငံ ပါရီမြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (Xinhua/Gao Jing)

ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြင်သစ်နိုင်ငံတွင် COVID-19အတည်ပြုလူနာ စုစုပေါင်း ၂ သန်းကျော်ရှိလာကြောင်းနှင့် ဂျပန်နိုင်ငံတွင် တိုကျို အိုလံပစ်အားကစားပွဲတော်အား သတ်မှတ်ကာလအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုဝင်ဘာ ၁၇ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) ၁၅ နာရီ ၃၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၅၆,၇၅၁ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၆,၈၇၁ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၅၄,၇၇၁,၈၈၈ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၃၂၄,၂၄၉ ဦး ရှိကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၁၈ ရက် ၇ နာရီ ၂၅ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၅၅,၄၇၂,၃၇၄ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၃၃၅,၂၁၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်းအတည်ပြုလူနာ ၁၁,၃၂၀,၃၃၇ ဦး နှင့် သေဆုံးသူ ၂၄၈,၂၂၇ ဦး ရှိကြောင်း သိရသည်။
  
(၂) သတင်းအချက်အလက်များ

ပြင်သစ်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂ သန်းကျော်ရှိလာကြောင်း ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ထပ်တိုး အတည်ပြုလူနာ ၄၅,၅၂၂ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၂,၀၃၆,၇၅၅ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ ၁,၂၁၉ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၄၆,၂၇၃ ဦး ရှိကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (Xinhua/Gao Jing)

မော်ရိုကိုနိုင်ငံတွင် ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၅,၄၁၅ ဦးဖြင့် စုစုပေါင်း အတည်ပြုလူနာ ၃၀၁,၆၀၄ ဦး၊ ထပ်တိုးသေဆုံးသူ ၈၂ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၄,၉၃၂ ဦး ၊ အသစ်ထပ်တိုး ရောဂါပျောက်ကင်းသွားသူ ၄,၂၃၅ ဦးဖြင့် စုစုပေါင်း ရောဂါပျောက်ကင်းသွားသူ ၂၄၇,၅၉၄ ဦး ရှိကြောင်း ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (Xinhua/Gao Jing)

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဆက်တိုက် ပြန့်ပွားနေမှုကို ဖြေရှင်းရန်အတွက် ဆိုးလ်၊ အင်ချွန်း၊ Gyeonggiစသည့် မြို့တော် အနီးဝန်းကျင်းဒေသများနှင့် Gangwon အချို့ဒေသများ၏ Social Distance ကပ်ရောဂါထိန်းချုပ်ရေးအဆင့်ကို အဆင့်(၁)မှ (၁.၅)သို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဗဟို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနချုပ်၏ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံတွင် ရပ်ကျေးကိုဗစ်ကူးစက်ပြန့်ပွားမှုများကို ဟန့်တားရန် မြို့တော် ဦလန်ဘာတာတွင် နိုဝင်ဘာ ၁၈ ရက်မှစ၍ အချိန်အပိုင်းအခြားခွဲ၍ ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို တင်းကျပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား အရေးပေါ်ကော်မတီက နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။ သတ်မှတ်ချက်များအရ နိုဝင်ဘာ ၁၈ ရက်မှစ၍ ဦလန်ဘာတာမြို့အတွင်း မော်တော်ယာဉ်နှင့် လူသူသွားလာမှုများကို နံနက် ၇ နာရီမှ ၁၀ နာရီ၊ ညနေ ၅ နာရီမှ ည ၈ နာရီ အတွင်းသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ကျန်အချိန်များတွင် အထူးယာဉ်များနှင့်လူပုဂ္ဂိုလ်များမှအပ အပြင်ထွက်ခွင့်ကို တားမြစ်ထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachနှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါတို့သည် နိုဝင်ဘာ ၁၆ ရက်က ဂျပန်ဝန်ကြီးချုပ်အိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ တိုကျိုအိုလံပစ်အားကစားပွဲတော်ကို လာမည့်နှစ် သတ်မှတ်ကာလအတိုင်း ကျင်းပသွားရန် နှစ်ဘက်သဘောတူ အတည်ပြုခဲ့ကြကြောင်း သိရသည်။ ယိုရှီဟီဒဲ ဆူဂါက အိုလံပစ်ပွဲပြုလုပ်မည့် ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခဲ့ရာ အိုလံပစ်အားကစားပွဲ ကျင်းပခြင်းသည် လူသားတို့ ဗိုင်းရပ်စ်ပိုးကို အနိုင်တိုက်ထုတ်သည့် သက်သေတစ်ခုဖြစ်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)