Connect with us

Environment, Disasters & Accidents

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိလာ

၂၀၁၈ခုနှစ်က စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးမှု ဖြစ်ပွါးနေသော မြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိလာပြီး ယခုနှစ်သည် ပြီးခဲ့သည့်နှစ်ထက် မိုးများသောကြောင့် မိုးလယ်ကာလမြစ်ရေကြီးမှုအား အထူး သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးသန်းက ဆင်ဟွာသို့ ယနေ့ သြဂုတ် ၃ ရက်တွင်ပြောသည်။

“လက်ရှိက မဒေါက်က စိုးရိမ်ရေမှတ် ကို ကျော်နေတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းက ရွှေကျင်မြို့၊ ဘားအံမြို့၊ ဘီးလင်း၊ မြဝတီ မြို့တို့က စိုးရိမ်ရေမှတ်ကိုကျော်လွန်ခဲ့တယ်။ ဧရာဝတီမြစ်က မြစ်အထက်ပိုင်းမှာ မိုးများခဲ့မယ်ဆိုရင် မြစ်ရေကြီးတာကို စောင့်ကြည့်ရမယ့်အနေအထားမှာရှိတယ်။ ချင်းတွင်းမြစ်ကတော့ မြစ်အောက်ပိုင်းဖြစ်တဲ့ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အောက် ၂ မီတာအောက်ရောက်နေတယ်။ မုတ်သုံလေအားကောင်းတာတို့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းရှိတာဆိုရင် ချက်ချင်းမြစ်ရေတက်တာဖြစ်နိုင်တယ်။ ဇူလိုင်၊ သြဂုတ် လ တွေ က မိုးလယ်ကာလ ဖြစ်တော့ မြစ်ရေကြီးတာ ကို အထူးသတိပြုဖို့လိုအပ်ပါတယ်’’ ဟု ဒေါ်ဌေးဌေးသန်းက ပြောသည်။

မိုးလယ်ကာလတွင် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့ တို့မှာ ဧရာဝတီမြစ်နှင့်၊ ချင်းတွင်မြစ်ရေကြီးခြင်းနှင့် ပတ်သက်ပြီး အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း၊ ငသိုင်းချောင်းမြို့ နှင့် သာပေါင်းမြို့များတွင် ငဝံမြစ်ရေကြီးခြင်းနှင့် ပတ်သက်၍ အထူးသတိပြုနေထိုင်ရန် လိုအပ်ကြောင်း၎င်းကဆိုသည်။

“မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ်က မြစ်ကြီးတွေထက် မြစ်ကလေးတွေမှာ မြစ်ရေကြီးမှုပိုများတယ်။သောင်ရင်းမြစ် မှာဖြစ်ခဲ့တဲ့ မြဝတီမြို့ ရေကြီးခဲ့တာဆိုရင် ကျွန်မတို့ အနေနဲ့ မြစ်ရေတိုင်းတာရေးစခန်းကို ၁၉၉၉ခုနှစ် မှာ စခန်းဖွင့်ခဲ့တဲ့ နောက်ပိုင်း ဒီနှစ်မြင်ခဲ့တဲ့ ရေအမှတ်က ဒုတိယအများဆုံး မြစ်ရေတက်ခဲ့တာဖြစ်တယ်။ မြို့ထဲကို ရေဝင်တဲ့အဆင့်ရောက်တာ က တချို့နိမ့်တဲ့နေရာတွေက စိုးရိမ်ရေမှတ်မရောက်ခင် ရေဝင်နိုင်ပါတယ်။ ဥပမာပဲခူးမှာဖြစ်ခဲ့တာဆို စိုးရိမ်ရေမှတ်ကို တော့ မရောက်ခဲ့ဘူး။ ဒါပေမယ့် မြေနိမ့်ပိုင်း မှာ ရေဝင်ခဲ့တယ်။’’ ဟု၎င်းကဆက်ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြစ်ကြီး ၁၄ ခုတွင် မြစ်ရေတိုင်းတာရေးစခန်း ၄၆ ခု ဖွင့်လျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တိုင်းတာလျက်ရှိသည့် မြစ်ကြီး ၁၄ ခုမှာ ဧရာဝတီမြစ်၊ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ ဒုဌဝတီမြစ်၊စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝံမြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ် တို့ဖြစ်ကြောင်း သိရသည်။

မိုးလယ်ကာလမှာ သြဂုတ်လကုန်အထိ ဖြစ်ပြီး၊ မိုးနှောင်းကာလဖြစ်သော စက်တင်ဘာလနှင့် အောက်တိုဘာလဆန်း အထိ မြစ်ရေကြီးခြင်းအား သတိပြုနေထိုင်သင့်ကြောင်း၎င်းကဆိုသည်။ (Xinhua)