Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက်၌ အင်အား ရစ်(ခ်)တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး ငလျင်ငယ်များ ထပ်မံလှုပ်ရှားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ဇူလိုင် ၂၉ ရက် တွင်ပြောသည်။

“အင်အား ၆.၃ ရှိတယ်။ အနက်တိမ် တော့ ဇောက်တိမ်ငလျင်မျိုးဖြစ်လို့ နောက်ဆက်တွဲ ငလျင် ငယ်တွေ လှုပ်နိုင်တဲ့ အလားအလာရှိတယ်။ ငလျင်ရဲ့ သဘောသဘာဝအရ ရှေ့က အင်အားပြင်းငလျင် လှုပ်ခတ်သွားပြီး အင်အားဗဟိုချက်အနက်လည်းတိမ်ရင် ပထမငလျင်ထက် အင်အားနည်းတဲ့ ငလျင်ငယ်လေးတွေ လှုပ်ခတ်နိုင်တဲ့ သီအိုရီရှိပါတယ်။ လှုပ်ခတ်မယ် မလှုပ်ခတ်ဘူးဆိုတာ အတိအကျမပြောနိုင်ဘူး။

သီအိုရီအရ ဖြစ်နိုင်ချေအလားအလာများတယ်။ ပျက်ဆီးဆုံးရှုံးမှုသတင်းတော့ ကျွန်တော်တို့ အခုထိ မရသေးပါဘူး။ ငလျင်လှုပ်ရှားမှု ကို ခံစားသိရှိတဲ့ သတင်းတော့ ရထားတာရှိပါတယ်’’ ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။

အဆိုပါငလျင်သည် ယနေ့ဇူလိုင် ၂၉ ရက် မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၀၉)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယင်းငလျင် လှုပ်ရှားမှုအား စဉ့်ကူး၊ မုံရွာ၊ ကသာ၊ စစ်ကိုင်း၊ မန္တလေး၊ ရွှေဘို၊ နေပြည်တော်မြို့တို့မှ သတိပြုမိခဲ့ကြောင်း ဆိုသည်။

“စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားမှု ဟုတ်မဟုတ်က ကျွန်တော်တို့ဆက်ပြီး လေ့လာသုံးသပ်ကြည့်သွားမှာပါ။ စစ်ကိုင်းသက်ရှင်ပြတ်ရွေ့က ငလျင်လှုပ်ရှားလေ့ရှိတော့ စစ်ကိုင်းပြတ်ရွေ့နဲ့ ပတ်သက်ပြီး ပြတ်ရွေ့တစ်လျှောက်နေတဲ့ ပြည်သူတွေ အနေနဲ့ ငလျင်အသိရှိပြီး သတိပြုနေထိုင်သင့်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ယခုငလျင်သည် ၂၀၂၁ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် လှုပ်ရှားခဲ့သည့် ငလျင်များထဲတွင် အင်အားအပြင်းဆုံး ငလျင်ဖြစ်ကြောင်း၎င်းကဆိုသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117