Connect with us

Environment, Disasters & Accidents

နိုင်ငံတစ်ဝန်း ရေရှားပါး ပြတ်လပ်မှု သမိုင်းတစ်လျှောက် အများဆုံး အဖြစ် ကြုံတွေ့နေရပြီး စိုက်ပျိုးရေး ကဏ္ဍအပေါ် ထိခိုက်မှု ရှိနိုင်

မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် ဆင်ဟွာ သတင်းဌာနတို့သီးသန့်တွေ့ဆုံ မေးမြန်းစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့နေရသည့် အခြေအနေမှာ သမိုင်းတစ်လျှောက် အများဆုံး ဖြစ်နေပြီး ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် စိုက်ပျိုးရေး ကဏ္ဍအပေါ် ထိခိုက်မှု ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။

“အယ်လ်နီညိုကြောင့် ပူပြင်းတဲ့ အပြင် မိုးကလည်း မရွာတော့ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်တယ်။ အထိခိုက်ဆုံး ကဏ္ဍ တစ်ခုကတော့ ရေရှားတာပဲ။ ရေတွေ ပြတ်လပ်ကုန်တယ်။ ဒီနှစ် မြန်မာနိုင်ငံမှာ ရေရှားတဲ့ဘေး ကြုံတွေ့နေရတဲ့ ကျေးရွာပေါင်း ၂,၀၀၀ ရှိတယ်။ အဲဒါ သမိုင်းမှာ အများဆုံးပဲ။ တစ်ချို့ ဒေသတွေမှာ အဝီစိတွင်း တူးပေမယ့် ရေမထွက်တော့ဘူး။ ဒါကြောင့် ရေပြဿနာက တော်တော် ကြီးပါတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
အယ်လ်နီညို ထိခိုက်မှု
အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်သည် ဇွန်လတွင် ပြီးဆုံးမည် ဖြစ်သော်လည်း အယ်လ်နီညို ရာသီဥတု ဒဏ်ကြောင့် ထိခိုက်မှုမှာ ၃ လခန့်ဆက်လက် ရှိနေအုန်းမည် ဖြစ်ပြီး စက်တင်ဘာလမှသာ ပြီးဆုံးမည် ဖြစ်ကြောင်း ၊ ထိခိုက်မှုများ အနေဖြင့် အပူချိန် အလွန်မြင့်တက်ခြင်း ၊ ရေရှားပါး ပြတ်လပ်မှု ၊ စိုက်ပျိုး သီးနှံ ထုတ်လုပ်မှု ကျဆင်းခြင်း ၊ ကျန်းမာရေး ပြဿနာ နှင့် သဘာဝ ဘေးအန္တရာယ် စသည့်တို့ကို ကြုံတွေ့ ခံစား ရမည် ဖြစ်ကြောင်း သိရသည်။
“စိုက်ပျိုးရေး ကဏ္ဍမှာ ဒီနှစ်လို အလွန်ပူပြင်း ခြောက်သွေ့တဲ့ နှစ်မှာ ဘယ်ကမှ ရေမရတဲ့ အပင်တွေ အများကြီး ရှိမယ်။ ဒါဆိုရင် စိုက်ပျိုးရေးက သေချာပေါက် ထိခိုက်မှာပဲ။ အထွက်လျော့မယ်။ သေရင်လည်း သေမယ်။ ဆည်ရေသောက် လယ်တွေ ၊ မြစ်ရေတင်ရတဲ့ လယ်တွေ ရေသာ ရသော်လည်း လယ် ပတ်ဝန်းကျင်က အယ်နီညို ဖြစ်နေတဲ့ အတွက် ပူပြင်းခြောက်သွေ့နေတော့ ရေရပေမယ့် အဲဒီ အပင်တွေက အယ်နီညိုကြောင့် ပိုးကျတယ်။ သေချာပေါက် စိုက်ပျိုးရေးက ထိခိုက်မှာ သေချာတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
ထို့အတူ ပူပြင်း ခြောက်သွေ့သည့် အယ်လ်နီညို ရာသီဥတု ဖြစ်သည့် အတွက်ကြောင့် စိုက်ပျိုးသီးနှံများ မအောင်မြင်နိုင်ကြောင်း ၊ ထိုကြောင့် စားနပ်ရိက္ခာ လုံခြုံမှု(Food Security) နည်းသွားနိုင်ပြီး ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း ၊ အခြေခံ လူတန်းစားများအတွက် လိုအပ်သည့် စားနပ်ရိက္ခာများ ရှားပါးနိုင်သည့် ဒဏ်များ ထိခိုက်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။
အပူချိန် စံချိန်ချိုး
ယခုဖြစ်ပွားသည့် အယ်လ်နီညို ရာသီဥတုသည် နှစ်ပေါင်း ၅၀၀ အတွင်း အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပြီး အပူပြင်းဆုံး စံချိန်များ ကျော်လွန်ခဲ့သည့် မြို့အရေအတွက်မှာလည်း အများဆုံး ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
“အရင်တုန်းက မြန်မာနိုင်ငံမှာ ၄၇.၂ ဒီဂရီ စင်တီဂရိတ် အထိ ရှိနေခဲ့ပြီးတော့ အခု ကျော်သွားနိုင်ပါတယ်။ အပူချိန်က စံချိန်ချိုးသွားတာ မြို့ပေါင်းက ၃၀ ကျော် ၄၀ လောက် ဖြစ်နေပြီ ဆိုတော့ အများဆုံး ဖြစ်နေပြီ။ အမြင့်ဆုံး တက်တဲ့ အပူချိန်ကသာ ၄၇ ကျော်ဖို့များနေပေမယ့် စံချိန်ချိုးတာက မြို့တိုင်းလောက် နီးပါး စံချိန်ချိုးနေတယ်”ဟု ၎င်းက ပြောသည်။
သဘာဝ ဘေးဒဏ်
မြန်မာနိုင်ငံ၌ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အဆိုးဆုံး ရေကြီးမှု ကြုံတွေ့ခဲ့ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီး အဆိုးဆုံး ရေကြီးမှု ဖြစ်ပေါ်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်တွင် မိုးသီး ကြွေကျခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ မီးဘေး စသည့် သဘာဝ ဘေးအန္တရာယ်များ ထူးခြားစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အယ်လ်နီညို၏ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် ပထမ ၆ လပတ် ဖြစ်သည့် ပြီးခဲ့နှစ် ၂၀၁၅ ခုနှစ် အတွင်း အယ်လ်နီညို ရာသီဥတု ပြင်းထန်စွာ ခံစားခဲ့ရသည့် အိမ်နီးချင်း နိုင်ငံများ အပါအဝင် နိုင်ငံတစ်ချို့တွင် သေဆုံးသူ အရေအတွက် ၂ သောင်းကျော် ရှိပြီး ပျက်စီးဆုံးရူံးမှု အမေရိကန် ဒေါ်လာ ၆၆ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။
မုတ်သုန်မိုး ဝင်ရောက်ချိန်
ထို့အတူ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု အခြေအနေမှာ မမျှတသည့် မိုးရွာသွန်းမှုမျိုး ရှိနိုင်မည် ဖြစ်ပြီး ယခုအပတ်အတွင်း ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ် အဖြစ် ရခိုင် ကမ်းရိုးတန်းသို့ဝင်ရောက်လာပါက မုန်တိုင်းနှင့် အတူ မုတ်သုန်မိုး စတင် ဝင်ရောက်နိုင်ကြောင်း သိရသည်။
လာနီညာ ရာသီဥတု သတိပြု
ထို့ပြင် ယခုနှစ် အောက်တိုဘာလတွင် လာနီညာ ရာသီဥတုနှင့် ထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး လာနီညာ ရာသီဥတု၏ အကျိုးဆက်ကြောင့် ရေကြီးမှု ၊ မြေပြိုမှု နှင့် မုန်တိုင်း အန္တရာယ်များ သတိပြုရမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေး ပြောကြားခဲ့သည်။
“၂၀၁၆ခုနှစ် နောက်ဆုံး ၃ လ ဖြစ်တဲ့ အောက်တိုဘာ ၊ နို ဝင်ဘာ ၊ ဒီဇင်ဘာက လာနီညာ ဖြစ်မယ်။ ၂၀၁၇ ခုနှစ်ကို ရောက်လာရင် အနည်းဆုံး ပထမ ၆ လက လာနီညာ ဖြစ်မှာပဲ။ ၂၀၁၇ ခုနှစ် ဇွန်လအထိ လာနီညာ ဖြစ်မယ်။ လာနီညာရဲ့ အကျိုးဆက်က ရာသီဥတုကို အေးပြီးတော့ စွက်စိုစေတယ်။ အပူချိန်ကို လျှော့စေတယ်။ မိုးကို တိုးစေတယ်။ အေးပြီး စွတ်စိုတဲ့ ရာသီဥတု ရှိတယ်။ ယခုနှစ် နွေ အလွန်ပူသလို ဆောင်းရာသီ အေးနိုင်တယ်။ ၂၀၁၇ မိုးရာသီမှာ မိုးများနိုင်တယ်။ မိုးများရင် မိုးကို အကြောင်းပြုပြီး ဖြစ်တဲ့ သဘာဝဘေးတွေ ပါလာမယ်။ နံပါတ် တစ်က ရေကြီးတာ။ မြေပြိုတာ။ ဒီအန္တရာယ် မသေးဘူးဆိုတာ တွေ့ရမယ်။ ၂၀၁၇ လာနီညာနှစ် မေလမှာ မုန်တိုင်းဖြစ်ရင် အဲဒီဖြစ်တဲ့ မုန်တိုင်းက မြန်မာပြည် ဝင်နိုင်တယ်။ လာနီညာ နှစ်ဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာပြည် ဝင်တတ်တယ် ဆိုတာ အတွေ့အကြုံရှိတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်က မုန်တိုင်း အန္တရာယ် သတိထားရမယ်”ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
လွန်ကဲရာသီဥတု ဆုံးရှုံးမှု များနိုင်
ထို့ကြောင့် လက်ရှိကာလ ရာသီဥတုမှာ အလွန်ကြမ်းတမ်းသည့် ကာလ ၊ လွန်ကဲသည့် ရာသီဥတု ရှိသည့် အတွက် အကျိုးဆက်အနေဖြင့် ပျက်ဆီး ဆုံးရှုံးမှု များနိုင်သဖြင့် အားလုံး သတိရှိရန် လိုအပ်ပြီး ကြိုတင် ပြင်ဆင်မှု ၊ ကာကွယ်မှုများ စုပေါင်းပြီး လုပ်ဆောင်၍ မိုးလေဝသ အခြေအနေများကို မျက်ခြည် မပြတ် စောင့်ကြည့်သင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က အကြံပြု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.