Connect with us

Environment, Disasters & Accidents

ပင်လယ်ပြင် ရေနံ ယိုဖိတ်မှု လျော်ကြေးဆိုင်ရာ စာချုပ်အား ပြန်လည် ပြင်ဆင်သည့် စာချုပ်တွင် မြန်မာနိုင်ငံ လက်မှတ်ထိုးရန် လွှတ်တော် အတည်ပြု

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)

၁၉၆၉ ခုနှစ်၊ ဆီ (ရေနံ) ယိုဖိတ်မှုကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှု ဖြစ်စဉ်များမှ တစ်ဆင့် ထိခိုက် နစ်နာသူများနှင့် ဆုံးရှုံးမှုများ အတွက် လျော်ကြေး ရရှိရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို ပြင်ဆင်သည့် ၁၉၉၂ ခုနှစ် နောက်ဆက်တွဲ သဘောတူ စာချုပ် – Protocol 0f1992 to amend the International Convention on Civil Liability for Oil Pollution Damage, 1969 (CLC Protocol 1992 ) တွင် မြန်မာနိုင်ငံ ပါဝင် လက်မှတ် ရေးထိုးရန် ပြည်ထောင်စု လွှတ်တော်က ယနေ့ထောက်ခံ အတည်ပြု ခဲ့သည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်းပြီး နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာသည်ကို ယနေ့ ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့ အစီအစဉ်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပါအဝင် ကိုယ်စားလှယ် ခြောက်ဦး တို့က ထောက်ခံ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အနေဖြင့် လက်မှတ် ရေးထိုးသင့်ကြောင်း လွှတ်တော်က ကန့်ကွက်သူ မရှိဖြင့် ဆုံးဖြတ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၉၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်း၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး အောင်ဖြိုးကျော်၊ ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၊ ဖောင်းပြင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝေ၊ ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင် နှင့် ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တို့ က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
အားလုံးက ထောက်ခံ ဆွေးနွေးကြသော်လည်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၏ ထောက်ခံ ဆွေးနွေးမှုတွင် အများနှင့် မတူသည့် မြန်မာနိုင်ငံ အတွက် သတိထားစရာ အချက်တစ်ခု ပါဝင်သည်။
“ရေနံ ယိုဖိတ်လို့ လျော်ကြေး ရအောင် ကြိုးစားရမယ့် အပိုင်းက တစ်ပိုင်း။ ကျွန်တော်တို့နိုင်ငံက နည်းပညာ အရာမှာ အဘက်ဘက်က အားနည်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ (ဒီလို အားနည်းတဲ့အတွက်) ပင်လယ်ပြင်မှာ မတော်တဆ ရေနံ ယိုဖိတ်တာနဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို ပထမဆုံး ထိခိုက်မှာ ဖြစ်ပါတယ်။ ဒီလို ကျရောက်လာမယ့် အန္တရာယ်က အမြန်ဆုံး လွတ်မြောက်အောင် ကာကွယ်ပေးမယ့် လုပ်ငန်းစဉ်ဟာလည်း အထူး အရေးကြီးပါကြောင်းနဲ့ ဒီအတွက် အစီအမံများ ရှိထားသင့်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ၎င်းက ထောက်ပြခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စာချုပ်တွင် လက်မှတ် ထိုးသည့် အခါ အသင်းဝင်ကြေး၊ အခြား ထည့်ဝင်ကြေးများ ပေးရဦးမည်လား ဟု ပြည်ထောင်စု အစိုးရအဖွဲ့ထံ ပြန်လည် မေးမြန်းခဲ့သည်။
“ လက်မှတ် ရေးထိုးတဲ့ အဆင့်မှာ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် မေးသလို အဖွဲ့ဝင်ကြေးတွေ အခြားကြေးတွေ ပေးစရာ မလိုပါဘူး၊ နောက်ပိုင်း အဆင့်မှာ ရေနံ ယိုဖိတ်မှုတွေ ရှိလာလို့ ကိုယ့်ဘက်က နစ်နာကြေးတွေ တောင်းရတော့မှာ ဖြစ်တဲ့အတွက် ပေးသွင်းရမှာတွေ ရှိပါတယ်” ဟု ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်ဇင်မောင်က ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ CLC Protocol 1992 ကို နိုင်ငံပေါင်း ၁၃၄ နိုင်ငံတို့က လက်မှတ် ရေးထိုးထားကြရာ ၎င်းတို့တွင် အာဆီယံ အဖွဲ့ဝင် ခုနစ်နိုင်ငံ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်) တို့ အပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့လည်း ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.