Connect with us

Environment, Disasters & Accidents

ပဲခူးရိုးမအတွင်းတွင် ရှိသည့် မြောက်ဇာမရီဘေးမဲ့တောတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး သင်တန်းကျောင်းကို ၂၀၂၁ ခုနှစ်တွင်ဖွင့်လှစ်ရန်စီစဉ်လျက်ရှိ

မြောက်ဇာမရီဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးအားတွေ့ရစဉ် (ဓာတ်ပုံ-- သစ်တောဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ ပဲခူးရိုးမအတွင်း ၌ ရှိသော မြောက်ဇာမရီဘေးမဲ့တောတွင်  တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး သင်တန်းကျောင်းကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန်စီစဉ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောကဏ္ဍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇောက ဆင်ဟွာသို့ အောက်တိုဘာ ၃ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ဒီသင်တန်းကျောင်းနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ WWF-မြန်မာ အဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

WWF-မြန်မာ မှ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အစီအစဉ်အရာရှိ ဒေါ်မာဂရက်ငြိမ်းငြိမ်းမြင့် က“တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဝန်ထမ်းတွေဟာ နိုင်ငံအတွင်းရှိ ထိန်းသိမ်းရေးနယ်မြေတွေ နဲ့ သဘာဝစားကျက်မြေတွေမှာ ဖြစ်ပေါ်နေတဲ့ တရားမဝင် သစ်ထုတ်လုပ်မှု နှင့် အမဲလိုက်သတ်ဖြတ် မှုဆိုင်ရာ ပြစ်မှုကျူးလွန်မှု တွေကို  ကာကွယ်ထိန်းသိမ်းရတဲ့ အဓိကကျတဲ့သူတွေ ဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သင်တန်းကျောင်းမျိုး မရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ အပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို တားဆီးနိုင်ရေး၊ တရားဥပဒစိုးမိုးရေး လုပ်ငန်းတွေကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဒီသင်တန်းကျောင်းကို အကောင်အထည်ဖော် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၃ ရက်တွင်ပြောသည်။

အဆိုပါ သင်တန်းကျောင်းတွင်  စာသင်ခန်းထဲမှာသာမက ထိန်းသိမ်းရေးနယ်မြေတွေမှာပါ လက်တွေ့သင်ခန်းစာများ သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း၊  တောတွင်းကင်းလှည့်ခြင်း နည်းစနစ်များ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှု နည်းစနစ်များ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်အနေနှင့်  လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ၊ ဒေသခံများနှင့်ညှိနှိုင်းပြောဆိုမှု စွမ်းရည်များစသည့် သင်ခန်းစာများ ကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ တောရိုင်းတိရစ္ဆာန် နှင့်  သစ်တောဥပဒေများ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ၊ ထိန်းသိမ်းရေးနယ်မြေစီမံခန့်ခွဲမှုများ နှင့်ပတ်သက်သော အဆင့်မြင့်သင်တန်းများကိုလည်း သင်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် သင်ရိုးညွှန်းတမ်းအား ရေးဆွဲနေဆဲ ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကျောင်းအား ၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်တွင် ဖွင့်ရန်ရည်ရွယ်ထားသော်လည်း COVID-19 ရောဂါအခြေအနေပေါ်မူတည်နိုင်ကြောင်း သိရသည်။  (Xinhua)