Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရေးဆွဲ ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ချည်မျှင်ရှည်ဝါ စံပြစိုက်ခင်း တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

နေပြည်တော် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(Myanmar Cotton Development Strategy) ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်လျက် ရှိရာတွင် လာမည့် ၂၀၃၀-၂၀၃၁ ခုနှစ်တွင် “ဝါ” မက်ထရစ်တန် (၇)သိန်း အခြေခံထား ထုတ်လုပ်ခြင်းမှ လူဦးရေ သန်း(၆၀)အတွက် စား၊ ဝတ်၊ နေရေး အခြေခံများအနက်မှ “ဝတ်ရေး” ဆိုသည့် အခြေခံကို ဖူလုံစေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဇန်နဝါရီ ၃၀ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါ မဟာဗျူဟာတွင် “ဝါ” အကြီးအကျယ် စိုက်ပျိုးထွက်ရှိခဲ့သည့် ဒေသများမှာ စိုက်ဧရိယာ တိုးတက် မြင့်မားရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ ၊ ဝါသီးနှံ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ၊ ဝါသီးနှံမျိုးသန့် ခြံများ မှ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများကို ထည့်သွင်းရေးဆွဲထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ လွှတ်တော် ကိုယ်စားလှယ် ဦးလှဦးက မြန်မာနိုင်ငံ၌ ဝါ အကြီးအကျယ် စိုက်ပျိုး ထွက်ရှိခဲ့သည့် ဒေသများ အတွင်း ပြောင်းလဲနေသည့် စီးပွားရေး ဖြစ်စဉ် အရ ယခု အချိန်၌ ဝါသီးနှံ လုံးဝ စိုက်ပျိုး ထုတ်လုပ်ခြင်း မရှိတော့ဘဲ မြန်မာ့ဝါ မှ ရက်လုပ်သော အဝတ်အထည် များ ပပျောက်လုနီးသော ယခု ကာလတွင် အစီအစဉ်များ ချမှတ်လျက် ဝါခင်းများ ပြန်လည် စိုက်ပျိုး ထုတ်လုပ်စေပြီး မြန်မာ့ဝါမှ မြန်မာနိုင်ငံ၌ နေထိုင်ကြသော တိုင်းရင်းသား ၁၃၅ မျိုး၏ ယဉ်ကျေးမှု ထုံးစံတို့ အရ ချုပ်လုပ် ဝတ်ဆင်နိုင်မည့် အဝတ်အထည် ၊ အသုံးအဆောင်များ စသည့် ပစ္စည်းများ အစဉ်တစိုက် အသုံးပြု ဆောင်ရွက်နိုင်ရန် အမျိုးသားရေး မူဝါဒ အဖြစ် သတ်မှတ် လုပ်ကိုင် ဆောင်ရွက် နိုင်ရန် အတွက် စီစဉ် ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်အား လွှတ်တော်၌ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

 “တစ်ချိန်တုန်းက မြန်မာနိုင်ငံဟာ ဝါစိုက်ပျိုး တောင်သူများ များပြားပြီးတော့ ဝါလုပ်ငန်း အကြီးအကျယ် ဖြစ်ထွန်း လုပ်ကိုင်ခဲ့ကြပါတယ်။ယနေ့ အခြေအနေမှာ ဝါလုပ်ငန်းနဲ့ ပတ်သတ်ပြီးတော့ ဝါစိုက် တောင်သူများ တစ်နိုင်ငံလုံး မရှိသလောက် နည်းပါးသွားပြီးတော့ နိုင်ငံခြားမှ ဝင်ရောက်လာကြတဲ့ အဝတ်အထည်များနဲ့ နှိုင်းစာလျှင် မြန်မာ့ချည်မှ ရက်လုပ်တဲ့ အဝတ်အထည်များဟာ မယှဉ်နိုင်အောင် ဖြစ်နေကာ ဝါစိုက် တောင်သူများ မစိုက်ပျိုးကြတော့ဘဲနဲ့ ရှိတဲ့ လုပ်ငန်းများ တစ်ဖြည်းဖြည်း ရပ်ဆိုင်းသွားခြင်း ဖြစ်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင် ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းများအရ ဝါစိုက်ဧရိယာ ဧက(၄)သိန်း (၇)သောင်းကျော် ရှိကြောင်း ၊ အဓိကဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီးတွင် စိုက်ဧရိယာ ဧက(၁.၉)သိန်း၊ မန္တလေးတိုင်းဒေသကြီးတွင် (၁.၈)သိန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် ဧက(၈)သောင်းခန့် စိုက်ပျိုးကြောင်း ၊ ထို့အတူ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် နေပြည်တော် ဧရိယာ တို့တွင်လည်း စိုက်ပျိုးမှု ရှိကြောင်း သိရသည်။ (Xinhua)