Connect with us

Environment, Disasters & Accidents

မြို့အချို့တွင် ချင်းတွင်း မြစ်ရေ စိုးရိမ် ရေမှတ် အထက်သို့ မြင့်တက် သဖြင့် မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင် သူများ ရှောင်ရှား ကြရန် မိုးဇလထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပြန်သော ခန္တီးမြို့ မိုးရေချိန်လက်မ ပြပုံ (ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ယနေ့ မြန်မာ စံတော်ချိန် ၁၂ နာရီခွဲ တိုင်းထွာ ချက်များအရ ချင်းတွင်းမြစ် ရေသည် ခန္တီးမြို့တွင် ခြောက်ပေခန့်၊ ဟုမ္မလင်း မြို့တွင် လေးပေခန့်၊ ဖောင်းပြင် မြို့တွင် တစ်ပေခန့်နှင့် မော်လိုက် မြို့တွင် နှစ်ပေခွဲခန့် ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အား ကျော်လွန် နေသည့် အတွက် မြေနိမ့်ပိုင်း နေထိုင်သူများ ရှောင်ရှားကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ရီရီငြိမ်းက ဆင်ဟွာကို ယနေ့ ပြောကြား သည်။

ချင်းတွင်း မြစ်ရေသည် နောက်နှစ်ရက် အတွင်း ခန္တီးမြို့တွင် နှစ်ပေခန့်၊ ဟုမ္မလင်း မြို့တွင် သုံးပေခန့်၊ ဖောင်းပြင်မြို့တွင် လေးပေခန့်နှင့် မော်လိုက်မြို့တွင် ငါးပေခန့် ဆက်လက် တက်လာ နိုင်ပြီး ယင်းမြို့များ၏ စိုးရိမ် ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

ဒေါ်ရီရီငြိမ်းက “ခန္တီးမြို့နယ်၊ ဟုမ္မလင်း မြို့နယ်၊ ဖောင်းပြင် မြို့နယ်နှင့် မော်လိုက်မြို့ နယ်တွေက မြစ်ကမ်း အနီးမှာ နေထိုင်တဲ့ သူတွေနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင် သူတွေ အနေနဲ့ ရှောင်ရှားကြဖို့ ကျွန်မတို့ မိုးဇလ အနေနဲ့ ကြေညာချက် ထုတ်ပြန်ထား ပါတယ်’’ ဟုပြောသည်။

ထို့ပြင် ယနေ့ မြန်မာ စံတော်ချိန် ၁၂ နာရီခွဲ တိုင်းထွာချက် များအရ ငဝန်မြစ် ရေသည် ငါးသိုင်းချောင်း မြို့၏ စိုးရိမ် ရေမှတ် အထက်သို့ ခြောက်လက်မ ခန့်ကျော်လွန် နေပြီး နောက်သုံးရက် အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ် အထက်တွင် ဆက်လက် တည်ရှိ နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ငဝန်မြစ် တစ်လျှောက်ရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူး သတိပြု နေထိုင် ကြပါရန် မိုးဇလ အနေဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဧရာဝတီ မြစ်ရေ သည်လည်း ညောင်တုန်း မြို့၏ စိုးရိမ် ရေမှတ် ၂၂.၅ ပေ အထက်သို့ ရောက်ရှိ နေပြီး နောက်နှစ်ရက် တွင်လည်း ဆက်လက် မြင့်တက်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်တွင် ဆက်လက် တည်ရှိ နိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ (Xinhua)