Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် မင်းပြားမြို့ အနီး အင်အား ရစ်(ခ်)တာစကေး ၅.၆ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

မင်းပြားမြို့ အနီး လှုပ်ခတ်ခဲ့သော မြေငလျင်၏ အချက်အလက်များအား တွေ့ရစဉ်(ဓာတ်ပုံ - မိုး/ဇလ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် ယနေ့ ညနေပိုင်းက အင်အား ရစ်(ခ်)တာ စကေး (၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြေငလျင်သည် ကုန်းတွင်းပိုင်း၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ငလျင် လှုပ်ခတ်မှု အပေါ် သတိပြုမိမှုများ ရှိကြောင်း ၊ ထိခိုက် အပျက်အစီး စာရင်း ရရှိထားခြင်း မရှိသေးကြောင်း နှင့် ငလျင်၏ ဗဟိုချက် အနက်မှာ ၇၇ ကီလိုမီတာ ဖြစ်သဖြင့် ဇောက်လတ် ငလျင် အမျိုးအစားဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောကြားခဲ့သည်။

၎င်းငလျင်သည် မြန်မာစံတော်ချိန် ၁၆ နာရီ၊ ၁၈ မိနစ်၊ ၀၅ စက္ကန့် အချိန်တွင် စစ်တွေ မြေငလျင် စခန်းမှ အရှေ့မြောက်ဘက် ၃၄ မိုင် ခန့်ကွာဝေးသော၊ မင်းပြားမြို့၏ အရှေ့မြောက်ဘက် (၅)မိုင် ခန့်အကွာ ၊ မြောက်လတ္တီတွဒ် ၂၀.၄၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၃၂ ဒီဂရီ ၊ အနက် (၇၇) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)