Connect with us

Environment, Disasters & Accidents

လေပြင်းဘေးအန္တရာယ်ကြောင့် တစ်လကျော်အတွင်း လူ ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄ဦး ရှိ

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၀ပြည့်နှစ် မေ ၁၃ ရက်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီးနောက် နေအိမ်ပျက်စီးမှုတစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) 

နိုင်ငံတစ်ဝန်း ယခုနှစ် မိုးကြိုကာလ ဖြစ်သည့် ဧပြီ ၉ ရက် မှ မေ ၁၄ ရက် အထိ တစ် လကျော်ကာလအတွင်း လေပြင်းဘေးအန္တရာယ်ကြောင့် လူ ၇ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄ဦး ရှိကြောင်း၊ မိုးကြိုးပစ်မှု ခပ်စိပ်စိပ်ဖြစ်လာသည့် အတွက် မိုးကြိုးအန္တရာယ်ကိုလည်း ဂရုပြုသင့်ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာကိုပြောသည်။

ဒေါ်ဖြူလဲ့လဲ့ထွန်းက “ဧပြီ ၁ မှ မေ ၁၄ ရက် အထိ တိုင်းဒေသကြီး နဲ့  ပြည်နယ် များအားလုံးတွင် လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ လုံးဝပြိုကျသွားတဲ့ အိမ် ၇၆၀လုံး၊ တစ်စိတ်တစ်ပိုင်းပျက်တဲ့အိမ် ၁၀,၃၀၀ရှိတယ်။ ဘာသာရေး အဆောက်အဦး ၁၅ လုံးပြိုကျပျက်စီးခဲ့ပြီး၊ ၁၉၀ လောက် က တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တယ်’’ ဟုပြောသည်။

လေပြင်းတိုက်၊ မိုးရွာသည့် အချိန်တွင် မိုးကြိုးပစ်မှုများလည်း ခပ်စိပ်စိပ်ဖြစ်ပွားသည့် အတွက် မိုးကြိုးအန္တရာယ်အား သတိပြုသင့်ကြောင်း ၎င်း ကဆိုသည်။

ဒေါ်ဖြူဖြူလဲ့လဲ့ထွန်းက “၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ဧပြီ ၃၀ အထိ မိုးကြိုးပစ်တဲ့ အကြိမ် ၃၆ ကြိမ် ဖြစ်ပွားခဲ့တယ်။ သေဆုံးသူ ၃၈ ဦး၊ ဒဏ်ရာရသူ ၁၈ ဦး အထိ ရှိခဲ့တယ်။ ဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ မိုးကြိုးအန္တရာယ်ကို လည်း သတိပြုရှောင်ရှားစေချင်ပါတယ်’’ ဟု ဖြည့်စွက်ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တွင်လေပြင်းကြောင့် ပျက်စီးမှု အများဆုံးဖြစ်ခဲ့ကြောင်း၊  လုံးဝပြိုကျသွားသည့် အိမ် ၃၃၀ လုံးဝန်းကျင်ရှိပြီး၊ တစ်စိတ်တစ်ပိုင်းပြိုသည့် အိမ် အလုံးပေါင်း၂၄၀၀ ခန့်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့သည် ပျက်စီးမှု ဒုတိယအများဆုံးတိုင်းဒေသကြီး ၂ ခုဖြစ်ကြောင်း၊ တစ်စိတ်တစ်ပိုင်းနှင့် အလုံးလိုက်ပြိုကျသည့် အိမ်စုစုပေါင်း ၂၃၀၀ ဝန်းကျင် ခန့် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ပေါင်း ၁၀၀ ကျော် လောက် ပျက်စီးခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်  လုံးဝပြိုကျသည့် အိမ် ၈၀ ဝန်းကျင်၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် အိမ် ၁၁၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်  ပျက်စီးဆုံးရှုံးမှုများအတွက်  ဆန်ရိက္ခာ ထောက်ပံ့ခြင်း၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ခြင်းများ၊ သေဆုံးသူ များ အားတစ်ဦးလျှင် ကျပ် ၃၀၀,၀၀၀ နှုန်း၊ ဒဏ်ရာရရှိသူ များကို တစ်ဦးကျပ်လျှင် ၅၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ခဲ့ကြောင်း၊ လုံးဝပြိုကျသည့်အိမ်များကိုလည်း ထောက်ပံ့ခဲ့ကြောင်း၊ ၁လကျော်ကာလ အတွက် ဝန်ကြီးဌာန အနေဖြင့် ကျပ်သန်းပေါင်း ၅၉၆ သန်းကျော် ထောက်ပံ့ခဲ့ကြောင်း သိရသည်။  (Xinhua)