Connect with us

Environment, Disasters & Accidents

ဧပြီ ၂၄ ရက်မှ ဧပြီ ၂၉ ရက် အတွင်း လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင် 

၂၀၁၉ ခုနှစ် မေလတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်အားတွေ့ရစဉ်(ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) 

ဧပြီ ၂၄ ရက်မှ ဧပြီ ၂၉ ရက် အတွင်း အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့ တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဧပြီ ၂၁ ရက် တွင် ဆင်ဟွာသို့ ပြောကြားသည်။

ဦးလှထွန်းက “ဧပြီနှောင်းပိုင်းမှာ ရွာတဲ့မိုးက အပူချိန် ပိုမြင့်တဲ့ အတွက် မိုးသီးကြွေတာ၊ လေပြင်းတိုက်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ပိုပြီး သတိထားစေချင်ပါတယ်။ ဟိုရက်ကဆိုရင်လည်း လေပြင်းတိုက်ပြီး မိုးသီးကြွေတာတွေ ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ပြည်သူတွေ အနေနဲ့ ပိုပြီး သတိထားဖို့ ပြောချင်ပါတယ်’’ ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်  တစ်ချို့ နေရာများတွင် နေရာကျဲကျဲ ၊ တစ်ချို့ နေရာများတွင်  နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။လေအေးများ နှင့်  လေနွေးများ ထိတွေ့မှု များသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် မိုးသီးကြွေပြီး၊လေပြင်း တိုက်ခြင်းများ ပိုမို  အဖြစ်များကြောင်း သိရသည်။  (Xinhua)