Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ဖွဲ့စည်းပုံ အခြေခံနှင့်အညီ ဖွဲ့စည်းဟု ပူးတွဲ ဥက္ကဌ ဆို

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီကို ပါတီ ဖွဲ့စည်းပုံံနှင့် အညီ ဖွဲ့စည်းခဲ့ကြောင်း လက်ရှိပါတီ၏ ပူးတွဲ ဥက္ကဌ ဦးဌေးဦးက ယနေ့ နေပြည်တော်ရှိ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပါတီ၏ ရည်မှန်းချက်များကို မှန်ကန်စွာ ဦးဆောင်နိုင်ရေး အတွက် အရွယ်စုံပါဝင်သည့် ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိသော ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပါတီဖွဲ့စည်းပုံအခြေခံ နှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ဝင်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင် အားလုံးသည် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ၏ စုပေါင်း ဦးဆောင်မှုကို ခံယူပြီး ဝိုင်းဝန်း ဆောင်ရွက်ကြရန် ပူးတွဲ ဥက္ကဌ ဦးဌေးဦးက ပြောကြားသည်။

နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်တွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၃၈၆ ဦးခန့် တက်ရောက်ခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယ ဥက္ကဌ/ ဥက္ကဌ အဖြစ် ပူးတွဲ တာဝန်ယူထားသော သူရ ဦးရွှေမန်းသည် နိုင်ငံတော် အတွက် ကြီးလေးသော တာဝန်များ ဖြစ်သည့် ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် အချိန်ပြည့် ထမ်းဆောင်နေရသူ ဖြစ်သည်။ ယခုအချိန်တွင် ပါတီ လုပ်ငန်းများကို ပိုမို ဖိဖိစီးစီး ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်သည့်အတွက် ပါတီဥက္ကဌ ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒုတိယဥက္ကဌ/ ဥက္ကဌ ပူးတွဲ တာဝန်အား သူရ ဦးရွှေမန်း အစား ဒုတိယ ဥက္ကဌ ဦးဌေးဦး ထံသို့သြဂုတ် ၁၂ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ပါတီ၏ တရားဝင် သတင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)