Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်အတွက် ၆၁၇ ဦးအား ခွင့်ပြုပေးထား

ရန်ကုန်မြို့ ဆူးလေစေတီတော်အား ညဘက်တွင် တွေ့မြင်ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၌  နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၇၀၅ ဦး အနက်  ၆၁၇ ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

“လက်ရှိအချိန်ထိ နောက်ဆုံးခွင့်ပြုထားတာကတော့ ၆၁၇ ဦးပါ။ COVID-19 မဖြစ်ခင်ကာလက အစည်းအဝေးထိုင်ပြီးတော့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ခွင့်ပြုထားပြီးသား လူဦးရေပေါ့။ ခွင့်ပြုထားတဲ့သူတွေထဲမှာကတော့ မြန်မာနိုင်ငံသားဟောင်းက အများဆုံးပါ ။ ပြီးရင် ဆက်စပ်သူ နိုင်ငံခြားသား ဒုတိယ လိုက်တယ်။”ဟု နိုင်ငံခြားသားများရေးရာဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

 နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်မှစတင်၍ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား (၄)မျိုး ခွဲခြားသတ်မှတ်ကာ လျှောက်လွှာများ လက်ခံဆောင်ရွက်၍ ကော်မတီအဆင့်ဆင့် စိစစ်အကဲဖြတ် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ထပ်မံလျှောက်ထားသူများအနက် လုပ်ငန်း ကော်မတီမှ ပဏာမစိစစ်ပြီးသည့် ကျွမ်းကျင်ပညာရှင်(၁)ဦး ၊ ရင်းနှီးမြှုပ်နှံသူ နိုင်ငံခြားသား (၃) ဦး ၊ မြန်မာနိုင်ငံသားဟောင်း (၃၀) သွေးချင်းဆက်စပ်သူ နိုင်ငံခြားသား (၁၅)ဦး ၊ ယင်းတို့နှင့် တွဲ၍ လျှောက်ထားသည့် မိသားစုဝင် (၂၁) ဦး စုစုပေါင်း(၇၀) အား ဇန်နဝါရီ ၁၂ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီမှ စိစစ် အတည်ပြု ဆောင်ရွက်ခဲ့ကြောင်း နှင့် အဆိုပါ စိစစ်ပြီးသူ (၇၀)ဦးအား လူတွေ့အကဲဖြတ် စစ်ဆေး နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေကို ချင့်ချိန်သုံးသပ်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ (၁၈) ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းနည်းဥပဒေကို ပြင်ဆင်သည့်နည်းဥပဒေအား ၂၀၁၇ ခုနှစ်၊ ဧပြီ (၂၇) ရက်တွင် ပြင်ဆင် ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင် သာမက ပြည်ပရှိ မြန်မာသံရုံးများတွင်ပါ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117