Connect with us

Politics, Law & Military

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး နောက်ဆုံး အကြိမ်အဖြစ် ရက်ပေါင်း ၉၀ ထပ်မံ တိုးအုပ်ချုပ်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေး တတိယအကြိမ်နှင့် နောက်ဆုံး အကြိမ်အဖြစ် ရက်ပေါင်း ၉၀ ထပ်မံ တိုး အုပ်ချုပ်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

အဆိုပါ ဒေသသည် လက်ရှိ နိုင်ငံရေး၊ လုံခြုံရေး၊ ရပ်ရွာ အေးချမ်းရေးကို အထိုက်အသင့်သာ ရောက်ရှိသဖြင့် ပုဒ်မ ၂၁၂ ပုဒ်မခွဲ (ဃ) အရ စစ်အုပ်ချုပ်ရေး ရက် တိုးမြှင့်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေး ထပ်တိုးရန် သမ္မတရုံး ဝန်ကြီး ဦးလှသိန်းက ယနေ့ အဆို တင်သွင်းခဲ့သည်။

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ထပ်မံ ရက်တိုး၊ မတိုး လွှတ်တော် ကိုယ်စားလှယ်များ မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံမဲ ၄၇၃ နှင့် ကန့်ကွက်မဲ ၂၇ မဲသာရှိ၍ ပြည်ထောင်စု လွှတ်တော်က စစ်အုပ်ချုပ်ရေး ရက်ထပ်မံ တိုးရန် အတည်ပြုလိုက်သည်။

လောက်ကိုင် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးကျော်နီနိုင်က တစ်နိုင်ငံလုံး အပစ်အခတ် အတိုက်အခိုက် ရပ်စဲရေး စာချုပ် ရေးထိုးချိန်နှင့် အထွေထွေ ရွေးကောက် ပွဲကျင်းပမည့် နိုဝင်ဘာလတွင် စစ်အုပ်ချုပ်ရေး ကာလကို ရုပ်သိမ်းပေးရန် လွှတ်တော်တွင်း ဆွေးနွေးခဲ့သည်။

စစ်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် နေရသော ဒေသခံများသည် မိမိတို့ အိမ်များကို ပြန်လည် လာရောက် ချင်သဖြင့်သက်ဆိုင် တာဝန်ရှိသူများ ဆောင်ရွက်ပေးလိုခြင်း၊ ဒေသခံများ ပျောက်ဆုံး သွားသော အိမ်ထောင်စု ဇယားနှင့် မှတ်ပုံတင်များကိုလည်း အမြန်ဆုံး ပြန်လည် လုပ်ဆောင် ပေးလိုကြောင်း ဦးကျော်နီနိုင်က တင်ပြ ဆွေးနွေးခဲ့သည်။

ညမထွက်ရ အမိန့်ကို မူလ ည ၇ နာရီ၊ မနက် ၅ နာရီ သတ်မှတ်ထားရာမှ ယခု ည ၈ နာရီ၊ မနက် ၅ နာရီထိ တစ်နာရီ လျှော့ချ သတ်မှတ် ပေးထားသည်။

ကိုးကန့်ဒေသ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ မေလ ၁၇ ရက်ထိ ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာပြီး သက်တမ်း ပြည့်သွားခဲ့ပြီး မူလ အခြေအနေကို ပြန်မရောက်သဖြင့် သမ္မတက စစ်အုပ်ချုပ်ရေး ကာလကို သြဂုတ် ၁၇ ရက်ထိ နောက်ထပ် ၃ လ ထပ်မံ တိုးမြှင့်ထားသည်။
အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ သုံးလကြာ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) မှ ဇွန်လ ၁၀ ရက်နေ့တွင် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ (Xinhua)