Connect with us

Politics, Law & Military

ခေတ္တထိန်းသိမ်းထားသည့် ကာလတွင် နိုင်ငံခြားရေး မူဝါဒ၊ အုပ်ချုပ်ရေး နှင့်ပတ်သက်သည့်မူဝါဒ၊ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒလုံးဝပြောင်းလဲ မည်မဟုတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကျင်းပစဉ်(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ခေတ္တထိန်းသိမ်းထားသည့် ကာလတွင် နိုင်ငံခြားရေး မူဝါဒ၊ အုပ်ချုပ်ရေး နှင့်ပတ်သက်သည့်မူဝါဒ၊ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒလုံးဝပြောင်းလဲ မည်မဟုတ်ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လက်ရှိသွားနေသည့် နိုင်ငံရေး လမ်းစဉ်အပေါ်တွင် လုံးဝပြောင်း လဲခြင်း မရှိကြောင်း၊ ယင်းအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ကို ပြောကြား လိုကြောင်း၊ ယင်းအတွက် တိုင်းပြည်၊ ပြည်သူလူထုအနေဖြင့် ပူပန်ကြောင့် ကြစွာဖြင့် ရှိနေချိန်တွင် မိမိတို့၏လုပ်ဆောင်ချက်ဖြင့် ပြည်သူများအား စိတ်အေးလက်အေး နှင့် အလုပ်လုပ်ကိုင်နိုင်ရန် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည် ကြောင်း ၎င်းကဆိုသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒအနေဖြင့် ပြောင်းလဲစရာ အကြောင်းမရှိကြောင်း၊ ဆောက်လုပ်ဆဲ လမ်း၊ တံတားလုပ်ငန်းများ၊ တည်ဆောက် ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် လုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ ဝန်ကြီး ဌာနများနှင့် လုပ်ဆောင်နေသည့်ကဏ္ဍများရှိကြောင်း၊ ယင်းလုပ်ငန်းများကို စည်းကမ်း နှင့်အညီ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲတွင် တိုင်ကြားမှု များရှိသည့် လုပ်ငန်းများရှိကြောင်း၊ ယင်းလုပ်ငန်း များကို ပြန်လည်စိစစ်ပြီးမှ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်ကြားမှုများ၊ ပြဿနာများမရှိဘဲ တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ဆောင် နေသည့် လုပ်ငန်းများကို ဆက်လက်ခွင့်ပြုသွားရမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကို မရပ်ထားဘဲ ဆက်လက်လုပ်ဆောင်ရန် လုပ်ငန်းရှင်များကို ပြောကြား ထားပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

တပ်မတော်မှကြေညာသည့် အရေးပေါ်ကာလသည်တစ်နှစ်သာဖြစ်ကြောင်း၊ တစ်နှစ် ဖြစ်သည့် အတွက် တစ်နှစ်အတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းမှာ ကာလတို၊ ကာလ ရှည်လုပ်ဆောင်ရမည့် အရာများရှိကြောင်း၊ အဓိကအားဖြင့် ကာလတိုအတွင်း လတ်တလောဖြေရှင်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များကို စည်းကမ်းနှင့်အညီ ထက်ထက်မြက်မြက် ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့ အတွေ့အကြုံများအား အသုံးချဆောင်ရွက်ပေးစေလိုကြောင်း ၎င်းကပြောသည်။

COVID-19 နှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို အလေးထား လိုက်နာရမည်ဖြစ်ကြောင်း၊ မလေးစား၊ မလိုက်နာသည့် လုပ်ငန်းများကို ရပ်ဆိုင်း ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများနှင့် လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်လျှင် မိမိတို့အနေဖြင့် ခွင့်မပြုနိုင်စရာ အကြောင်းမရှိကြောင်း တိုင်းပြည်အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်ပေးကြရန်နှင့် စာရင်းဇယား များ မှန်မှန်ကန်ကန်ဖြစ်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ပြောကြားပြီး ဖြစ်ပါကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းများအားလုံးကို စာရင်းဇယား အတိုင်း၊ စာရင်းစစ်၏ Process အတိုင်း မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ညှိ၍ ဆောင်ရွက်ခြင်းများ ဖြစ်မလာစေရန် ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင် ၎င်းကဆိုသည်။

COVID-19 ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးတုန့်ဆိုင်းလျက်ရှိ ကြောင်း၊ ထို့ကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပို့ဆောင်ဆက်သွယ်ရေးစသည့်ကဏ္ဍများ အားလုံးကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြင်ပတွင်ကောလာ ဟသတင်းများထွက်ပေါ်နေသည့် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ တန်ငွေစက္ကူများ ဖျက်သိမ်းမည်ဆိုသော သတင်းမှားများပျံ့နှံ့ခဲ့မှုကြောင့် အဆိုပါသတင်းများမှန်ကန်မှု မရှိကြောင်းကို နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြ သူများသည် ဌာနများ၊ အဖွဲ့အစည်းများ၏ အဆုံးအဖြတ်ပေးနိုင်သည့်ပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် လုပ်ငန်းများကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဥပဒေ၊ စည်းကမ်းများ နှင့်အညီ ရဲရဲတင်းတင်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ (Xinhua)