Connect with us

Politics, Law & Military

နိုင်ငံဝန်ထမ်းများ ကားပါမစ် လျှောက်ထားသူ ၅၀ ကျော်ရှိ၊ အချက်လက်ပြည့်စုံပါက စစ်ဆေးမှု ၂ရက်ခန့်သာကြာမြင့်ဟုဆို

အစိုးရဝန်ကြီးဌာနများ အခြေစိုက်ရာ နေပြည်တော်ကောင်စီအတွင်း သွားလာမှုများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

အစိုးရဝန်ကြီးဌာနများမှ ဝန်ထမ်းများ ကားပါမစ် လျှောက်ထားသူ ၅၀ ကျော်ရှိပြီး လျှောက်ထားသူများ၏ အချက်လက်ပြည့်စုံပါက ပါမစ်ထုတ်ပေးရန် စစ်ဆေးမှု ၂ရက်ခန့်သာကြာမြင့်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင် က ဆင်ဟွာသို့ ပြောကြားသည်။

အဆိုပါ ဝန်ထမ်းကားပါမစ်ကို ဒီဇင်ဘာ ၁ရက်မှစတင်လျှောက်ခွင့်ရရှိပြီး လက်ရှိ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဏာရေးနှင့် စက်မှုဝန်ကြီးဌာနတို့က စတင်လျှောက်ထားနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရဝန်ကြီးဌာနများ အခြေစိုက်ရာ နေပြည်တော်ကောင်စီအတွင်း သွားလာမှုများအားတွေ့ရစဉ် (ဆင်ဟွာ)

” ဝန်ကြီးဌာန၂ခုက ၂ယောက်ကို ပါမစ်ထုတ်ပေးဖ်ု့ စိစစ်ပြီးပါပြီ၊ သူတို့ကို ထုတ်ပေးတော့မှာပါ၊ ပါမစ်တင်တဲ့လူဘက်က သတ်မှတ်ထားတဲ့ အချက်အလက်တွေ စာရွက်စာတမ်းတွေ၊ ကားဈေးနှုန်းတွေသာ ပြည်စုံရင် ကျွန်တော်တို့ဘက်က စစ်ဆေးတာ ၂ရက်လောက်ပဲကြာပါတယ်” ဟု လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင် ကဆိုသည်။

ယင်း ဝန်ထမ်းကားပါမစ်၌ အကျုံးဝင်သည့် ဝန်ထမ်းများအားလုံးအတွက် ပြည်ပမှတင်သွင်းမည့် ကားသည် အင်ဂျင်ပါဝါ ၂၀၀၀ စီစီဖြစ်ပါက အကောက်ခွန်ခ ၅ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီအထက်ဖြစ်ပါက ၁၀ ရာခိုင်နှုန်း သတ်မှတ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မှတ်ပုံတင်ခအတွက် ဝန်ထမ်းပါမစ်သက်သာ ခွင့်အရ အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ဖြစ်ပါက ပေးဆောင်ရန်မလိုဘဲ အင်ဂျင်ပါဝါ၂၃၅၁ မှ ၂၀၀၀ စီစီအထိ ၅ ရာခိုင်နှုန်း၊ ၂၀၀၁ မှ ၅၀၀၀ စီစီထိ ၁၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။ (Xinhua)