Connect with us

Politics, Law & Military

ပြည်တွင်း နေရပ်ရှောင် ရွှေ့ပြောင်းသွားလာသူများ လူမှုဘဝ ပြင်းထန်စွာ ထိခိုက်နေကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ ယန်ဟီလီ ပြောကြား

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ ရှိ ဒေသတွင်း မတည်ငြိမ်မှု အခြေ အနေ များကြောင့် ဒေသခံ ပြည်သူများ၏ လူမှုဘဝ အပေါ် ပြင်းထန်စွာ ထိခိုက်မှု ရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီ (Yanghee Lee) က ဇူလိုင်လ ၂ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ပဋိပက္ခဒဏ်သင့် ပြည်သူတွေက မျှော်လင့်ချက် တစ်ခုအနေနဲ့ ရှုမြင်ပြီး ၎င်းတို့ မျှော်လင့်ထားတဲ့ အတိုင်း ခိုင်မာသော ငြိမ်းချမ်းရေး ရရှိဖို့မဖြစ်မနေ လိုအပ်ပါတယ်”ဟု မစ္စ ယန်ဟီလီက ပြောခဲ့သည်။

ထို့အပြင် နေရပ်ရှောင် ရွှေ့ပြောင်း သွားလာသူများ၏ ပညာရေး ၊ ကျန်းမာရေး စောင့်ရှောက်မှုများတွင် ကန့်သတ် ခံရမှုများ ရှိနေပြီး အလယ်တန်း ၊ အထက်တန်းနှင့် တက္ကသိုလ်ပညာ သင်ယူခွင့် ဆုံးရှုံးမှုများ ကြုံတွေ့ခံစား နေရကြောင်း ပြောကြားခဲ့သည်။

မစ္စ ယန်ဟီလီသည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို လေးစားရန်လည်း အလေးအနက်ထား ပြောခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ အပြည့်အစုံအား ယခု ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် နယူးယောက် မြို့၌ ပြုလုပ်မည့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မစ္စ ယန်ဟီလီနှင့် နေပြည်တော်၌ တွေ့ဆုံ၍ လူ့အခွင့်အရေး အကြောင်းအရာများအား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် လူ့အခွင့်အရေး တိုးတက်မှုနှင့် ကာကွယ်မှု အပိုင်းတွင် မြန်မာနိုင်ငံ အနေဖြင့် ဆောင်ရွက်နေသည့် နည်းလမ်းများ ၊ ရခိုင်ပြည်နယ် အရေး ၊ ငြိမ်းချမ်းရေး ဖြစ်စဉ် ၊ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေ ကိစ္စများ ၊ လူမှုရေး အခွင့်အရေးများ ဆိုင်ရာ ကိစ္စ ၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စ ၊ စီးပွားရေးနှင့် လူမှုရေးအခွင့်အရေးများ ဆိုင်ရာကိစ္စ ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်များသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီသည် ၎င်း၏ အစီရင်ခံစာ ပြုစုရန် မြန်မာနိုင်ငံသို့ဇွန်လ ၁၉ ရက်တွင် ရောက်ရှိခဲ့ပြီး ယခု ခရီးစဉ်သည် မြန်မာနိုင်ငံသို့ ၄ ကြိမ်မြောက် ခရီးစဉ် ဖြစ်ကာ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု ခရီးစဉ်အတွင်း ရန်ကုန် ၊ နေပြည်တော် ၊ စစ်တွေ ၊ မြစ်ကြီးနား နှင့် လားရှိုး မြို့များသို့သွားရောက်ခဲ့သည်။ (Xinhua)