Connect with us

Politics, Law & Military

ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူ ထုတ်ဝေမှုအား ပြည်ထောင်စု လွှတ်တော် အတည်ပြု

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူ ထုတ်ဝေမှုကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။

အဆိုပါ ထုတ်ဝေမှု အခြေအနေအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်းက ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူ ထုတ်ဝေခဲ့မှုနှင့် စပ်လျဉ်းပြီး ၎င်းက “၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ် ထုတ်ဝေရန် ဆိုပြီး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အတည်ပြု ကြေညာခဲ့ပါတယ်။ လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ အညီ မြန်မာနိုင်င့တော် ဗဟိုဘဏ်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ဖြင့် ငွေစက္ကူများ ထုတ်ဝေရန် ဆောင်ရွက်ခဲ့ပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ တစ်ထောင်ကျပ်တန် ပုံ့စံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ပြည်သူ များ သုံးစွဲနိုင်ရန်အတွက် စတင် ထုတ်ဝေခဲ့ပါတယ်၊ ငွေစက္ကူ တန်ဖိုး အမျိုးမျိုးကိုလည်း ဗိုလ်ချုပ် အောင်ဆန်း ပုံဖြင့် ထုတ်ဝေရန် ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ အခန်း(၉) ပုဒ်မ ၆၅ ၌ ဗဟိုဘဏ်သည် ငွေစက္ကူ များနှင့် ဒင်္ဂါးများ၏ တန်ဖိုး။ အဆင်အပြင်၊ ဖွဲ့စည်းပါဝင်သည့် ဝတ္ထု ပစ္စည်းနှင့် အခြား ခွဲခြားနိုင် သည့် လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည် ဟု ပြဌာန်း ထားကြောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူ ထုတ်ဝေရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး သဘောတူ အတည်ပြုချက် ရယူ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ စတင် ထုတ်ဝေမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် အစိုးရ ရုံးပိတ်ရက် ဖြစ်သည့်အတွက် ရုံးဖွင့်ရက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်သူများ ထံသို့ ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ သုံးစွဲလျက် ရှိသည့် ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင် ငွေစက္ကူအဖြစ် ဆက်လက် တည်ရှိမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၆၆ တွင် ဗဟိုဘဏ်သည် မည်သည့် ငွေစက္ကူ  အမျိုးအစားကို မဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရ အဖွဲ့၏ သဘောတူညီ ချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်း ဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်ေတော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်ဟု ပြဌာန်းထား ကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေစက္ကူ၏ မျက်နှာစာဘက်မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အဆောက်အအုံပုံ ရိုက်နှိပ်ထားသည့် ငါးရာ ကျပ်တန် ငွေစက္ကူ ပုံစံသစ် ထုတ်ဝေခဲ့မှုအား ပြည် ထောင်စု လွှတ်တော်မှ အတည်ပြု မှတ်တမ်းတင်ပေးရန် တင်ပြကြောင်း တင်ပြခဲ့ရာ လွှတ်တော်က အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.