Connect with us

Politics, Law & Military

ဘော်ဒါနှင့် ချိတ်ဆက်ထားသော ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမျာဖွင့်ခွင့် မရှိသေးဟုဆို

သမ္မတ အိမ်တော် ပုံမှန် သတင်းစာရှင်းပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဖြေကြားနေစဉ် (ဆင်ဟွာ)

 

နေပြည်တော်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ဘော်ဒါဆောင်ရှိသော ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါနှင့် ချိတ်ဆက်ထားသော ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ၊ ကျောင်းများ မပါဝင်ကြောင်း၊ ဖွင့်ခွင့် မရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ညနေပိုင်း သမ္မတအိမ်တော်တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။

“တချို့က အဆောင် သပ်သပ်ငှားပြီး သူ့ကျောင်းသားတွေ ထားတယ်၊ သူ့ ကျောင်းမှာ စာသင်တယ်၊ အဲဒါမျိုးလည်း ဖွင့်လို့မရပါဘူး” ဟုလည်း ၎င်းက ပြောခဲ့သည်။ 

ထို့အပြင် “ကလေး သူငယ်တွေနဲ့ မိဘတွေ အတွက် ကို save environment ဖြစ်ဖို့ အလွန် အရေးကြီး ပါတယ်၊ တစ်နိုင်ငံလုံးမှာ အခု ဖွင့်မယ့် အထက်တန်းကျောင်းပေါင်းက ၆၁၇၁ ကျောင်း ရှိတယ်၊ အဲဒီမှာ အထက်တန်းအဆင့် ကိုယ်ပိုင် အထက်တန်းကျောင်းက တစ်ထောင် ရှိတယ်၊ ဘုန်းတော်ကြီးသင် ပညာရေး အထက်တန်းကျောင်းက လေးကျောင်း ရှိတယ်၊ မနေ့ကပဲ ပညာရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတွေနဲ့ အစည်းအဝေး လုပ်ပါတယ်။ သူတို့တင်ပြတဲ့ အချက်တွေအရ ပြီးခဲ့တဲ့ တနင်္လာ၊ အင်္ဂါ ကျောင်းအပ်နှံရက် နှစ်ရက်အတွင်းမှာ တစ်နိုင်ငံလုံးမှာ အထက်တန်းအဆင့် ကျောင်းသူ ကျောင်းသားက ၁ ဒသမ ၆ သန်း ရှိရာမှာ ကျောင်းအပ်နှံပြီးတဲ့ အရေအတွက်က ၁ ဒသမ ၀၆ သန်း ရှိတော့ တော်တော်လေး အပ်လာတဲ့ သဘောရှိတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ကျောင်းဝင်းထဲမှာ ခြောက်ပေခြား စက်ဝိုင်းလေးများဖြင့် social distancing ထားရှိသော်လည်း ကျောင်းဝင်း အပြင်ဘက် မှာ လူအုပ်ကြီး တိုးဝှေ့နေသည့် အချက်နှင့် ပတ်သက်ပြီး ၎င်းက “အဲဒီတော့ ပညာရေးကလည်း ပြန်ရှင်းပါတယ်၊ ဒီအပိုင်းအတွက် ထွေအုပ်ရယ် Volunteer တွေရယ် ကြက်ခြေနီရယ် စသဖြင့် သူတို့တွေနဲ့ ဒီကိစ္စကို လုပ်ဖို့ရှိပါတယ်။ SOP တွေနဲ့အညီ ပြင်ထားတဲ့အခါ တကယ်ပြင်ထားတာ ဟုတ် မဟုတ် ဒီ guide line နဲ့ညီ မညီဆိုတာကို စစ်ဆေးမယ်။ စစ်တဲ့ အခါ စက်ရုံ အလုပ်ရုံတွေ စစ်သလို စာသင်ကျောင်းတွေက COVID-19 ကာကွယ် ထိန်းချုပ်ရေး စံချိန် စံညွှန်းနဲ့ အညီ ပြည့်စုံအောင် ပြင်ဆင်ထားပြီး ဖြစ်တဲ့ ကျောင်းကို A အဆင့်၊ ထပ်ပြီး ဖြည့်ဆည်း ပြင်ဆင်ရမယ့် ကျောင်းတွေကို B၊ တချို့ တော်တော်များများ ပြန်လုပ်ရမယ့် ကျောင်းတွေကို C အဆင့်ပေါ့။ အဲဒီအဖွဲ့က စစ်ပြီးလို့ A အဆင့် ရတဲ့ကျောင်းကို ဖွင့်ခွင့်ပေးမယ်၊ B ဆိုရင် ပြန်လုပ်၊ အသင့်ဖြစ်ပြီ အစစ်ဆေးခံနိုင်ပြီဆိုရင် ပြော၊ အဲဒီကျရင် စစ်ဆေးရေးအဖွဲ့က စစ်မယ်၊ အလားတူ C အဆင့် ရတဲ့ ကျောင်းဆိုရင်တော့ ဖွင့်ခွင့် မပေးဘူး၊ စစ်မှာက တစ်မြို့နယ်ကို အဖွဲ့သုံးဖွဲ့ဖွဲ့မယ်၊ ပါမယ့်သူတွေက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပညာရေးဌာန၊ မိဘ ဆရာ အသင်း၊ တိုင်းဒေကြီး ပြည်နယ် အစိုးရ အဖွဲ့၊ အဲဒီအဖွဲ့ ငါးဖွဲ့က ကိုယ်စားလှယ် တွေပါမယ်။ ဒီနေ့ စပြီး စစ်ဖို့ ညွှန်ကြားထားပါတယ်။ အဆင့် A ရတဲ့ ကျောင်းကိုပဲ ဖွင့်ခွင့် ပေးပါမယ်။ အပြင်မှာ လူအုပ်ကြီး ဖြစ်တဲ့ ပြသနာကိုတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကူညီဖို့ ပြောထားပါတယ်၊ အဲဒီမှာ လော်စပီကာတွေ နဲ့ ပြောမယ်၊ ပြီးရင် Volunteer တွေနဲ့ ထိန်းမယ်၊ မီးသတ်၊ ကြက်ခြေနီနဲ့ ပရဟိတ အဖွဲ့တွေ ပါမယ်။ ဖွင့်ပြီးရင် ပြန်ပိတ်ဖို့က လွယ်ပေမယ့် နောက် တစ်ကြိမ်ပြန်ဖွင့်ဖို့ကျတော့ ခက်တယ်၊ အဲဒီတော့ ကျန်းမာရေး Guide line အတိုင်း စနစ်တကျ လုပ်ဖို့၊ လုံး၀ လျှော့မပေးဖို့ မှာထားပါတယ်” ဟု ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)