Connect with us

Politics, Law & Military

မဲဆွယ် စည်းရုံးခွင့် ကာလများ အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲ လျာထား လုပ်ငန်းစဉ်များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ကြေညာ

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးခွင့် ကာလများ အပါအဝင် လျာထား လုပ်ငန်းစဉ် အချိန် စာရင်း များအား နိုင်ငံရေး ပါတီများ ၊ ရွေးကောက် တင်မြှောက်ခံမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ ၊ အများပြည်သူတို့သိရှိ လေ့လာနိုင်ရန် နှင့် ကြိုတင် ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ကြေညာခဲ့သည်။

ကြားဖြတ် ရွေးကောက်ပွဲ လျာထား လုပ်ငန်းစဉ်များ အဖြစ် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်းများ တင်သွင်းနိုင်မည့် နေ့ရက်အား နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက်ထိ လည်းကောင်း ၊ မဲဆွယ်စည်းရုံးခွင့်ကာလအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၃၀ ရက်ထိ လည်းကောင်း ခန့်မှန်း နေ့ရက်များ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ခံရသောလွှတ်တော်ကိုယ်စားလှယ်အမည် စာရင်းများ ကြေညာပေးမည့်နေ့ရက်အား ဧပြီလ ၂ ရက်မှ ၅ ရက်ထိ လည်းကောင်း ခန့်မှန်း နေ့ရက် သတ်မှတ်ထားကြောင်း သိရသည်။

ထို့အတူ လွှတ်တော် အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် ကြေညာချက် ထုတ်ပြန်ခြင်းအား အောက်တိုဘာ ၂၇ ရက်တွင် လည်းကောင်း ၊ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင် ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေး အတွက် ပုံစံ(၁၅)များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့ နိုင်မည့် နေ့ရက်အား နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာ ၅ ရက်ထိ လည်းကောင်း ခန့်မှန်း နေ့ရက် သတ်မှတ်ထားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းရမည့် နောက်ဆုံးနေ့ရက် ဒီဇင်ဘာလ ၉ ရက်တွင် လည်းကောင်း ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းလွှာများ စိစစ်မည့် နေ့ရက်အား ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိ လည်းကောင်း ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်း ကြေညာချက် ပုံစံ(၁၀) ကပ်ထား ကြေညာမည့် နေ့ရက်အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် လည်းကောင်း ခန့်မှန်း နေ့ရက် သတ်မှတ်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လစ်လပ်မဲဆန္ဒနယ်များ အတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။(Xinhua)