Connect with us

Politics, Law & Military

မြန်မာ-အစ္စရေး နှစ်နိုင်ငံ သံတမန် နှင့် အထူး/ဝန်ထမ်း နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

မြန်မာ-အစ္စရေး နှစ်နိုင်ငံ၏ သံတမန်နှင့် အထူး/ဝန်ထမ်းနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအတွက် ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ်ကို ယနေ့ဇွန် ၁၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ အင်္ဂလိပ်၊ မြန်မာ၊ ဟီဘရူး (၃) ဘာသာဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသဘောတူစာချုပ်အရ နှစ်နိုင်ငံ၏ သံတမန်နှင့် အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် ရက်(၉၀) ထက် မကျော်လွန်သည့် နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံ သံတမန်နှင့် အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအကြား ခရီးသွားလာရေးကိုလည်း အဆင်ပြေလွယ်ကူချောမွေ့စေမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အစ္စရေးနိုင်ငံအစိုးရတို့သည် နှစ်နိုင်ငံ၏ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် ဆန္ဒရှိသဖြင့် ယခုကဲ့သို့လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)