Connect with us

Politics, Law & Military

မြန်မာ-အမေရိကန် အစဉ်အဆက် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တက်လာရန် မျှော်လင့်

၄၅ ယောက်မြောက် အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ် ထရမ့်အား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

အမေရိကန် သမ္မတ အသစ် ဒေါ်နယ်ထရမ့် လက်ထက်တွင် မြန်မာ-အမေရိကန် အစဉ်အဆက် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမြင့်လာရန် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ယနေ့နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာ-အမေရိကန် ဆက်ဆံရေးအား “လက်ရှိ ခန့်မှန်း ထားတာတော့ ကြီးကြီးမားမား ပြောင်းလဲဖို့မရှိပါဘူး။ မှုလအတိုင်း အရှိန်အဟုန် မပြတ် ဆက်လက်ပြီး ဖွံ့ဖြိုးနေဖို့ပဲ ရှိပါတယ်။”ဟု ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် အရှေ့၊ အနောက် နိုင်ငံ မခွဲခြားဘဲ နိုင်ငံအားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်သွားရန် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

အမေရိကန် သမ္မတ အိုဘားမား လက်ထက်တွင် လုပ်ဆောင်ခဲ့သည့် ပူးပေါင်း ဆောင်ရွက်မှုများသည် ဒေါ်နယ်ထရမ့် လက်ထက်တွင် ပို၍ ကောင်းမွန်လာနိုင်ပြီး ပိုမို ပူးပေါင်း ဆောင်ရွက်မှုများ ရှိလာနိုင်သည်ဟု မှန်းဆခဲ့သည်။

မြန်မာနိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့၏ ထိတွေ့ဆက်ဆံရေးမူဝါဒများသည် အမေရိကန် သမ္မတ အိုဘားမား လက်ထက်တွင် ဆောင်ရွက်ခဲ့သော်လည်း ရီပက်ဘလစ်ကန်ပါတီ နှင့် ဒီမိုကရက်တစ်ပါတီ နှစ်ရပ်လုံး၏ သဘောတူညီချက်ဖြင့် ပြောင်းလဲခဲ့သည့် မူဝါဒများ ဖြစ်သည့် အတွက် ကြီးကြီးမားမား ပြောင်းလဲမှု မရှိနိုင်ဟု သိရသည်။

4“အမေရိကန် နိုင်ငံရဲ့နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အပြောင်းအလဲတွေက အစိုးရ တစ်ရပ်နဲ့တစ်ရပ် အများကြီး ကြီးကြီးမားမား ပြောင်းလဲဖို့မရှိဘူး။ဒါပေမယ့် အလေးအပေါ့ ၊ အတိုးအလျှော့ ဒါတွေမှာတော့ နည်းနည်း ကွာခြားတယ်။အဲဒီတော့ အလေးထားမှုတွေ နည်းနည်း ကွာခြားသွားမယ်။သို့သော် ပြောင်းပြန် သဘော ပြောင်းနိုင်ဖို့တော့ မရှိဘူး။”ဟု ဦးဇော်ဌေးက ပြောသည်။

အမေရိကန် သမ္မတ အဖြစ် ဒေါ်နယ်ထရမ့် ရွေးချယ်ခံခဲ့ရသည့် အတွက် မြန်မာနိုင်ငံမှ အကြီးအကဲ ၊ ခေါင်းဆောင်များမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့သွားရန် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ရရှိသည်။

“ဒေါ်နယ်ထရန့်အနိုင်ရတဲ့ အတွက် သူရဲ့ဆောင်ပုဒ်အတိုင်း အမေရိကားကို တကယ့် ကြီးမြတ်တဲ့ နိုင်ငံ အဖြစ် အသစ်တစ်ဖန် ပြန်လည် ဆောင်ရွက်နိုင်ပါစေလို့ကျွန်တော်တို့က ဆုတောင်းပါတယ်။” နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

“အမေရိကန်နိုင်ငံသားတွေရဲ့ဒီမိုကရေစီနည်းအရ ရွေးချယ်မှုဖြစ်လို့ ဒီရွေးချယ်မှုဟာ မြန်မာနိုင်ငံကို သိသာတဲ့ ရိုက်ခတ်မှု မရှိနိုင်ပါဘူး။ နိုင်ငံရေးသမားထက် စာရင် စီးပွားရေး သမား ဒေါ်နယ်ထရမ့်ဟာ ပိုပြီး လက်တွေ့ကျမယ် ထင်ပြီး ရွေးလိုက်တယ်လို့ထင်ပါတယ်။ စီးပွားရေးသမား သမ္မတ ဖြစ်လာပေမယ့် နိုင်ငံခြားရေး မူဝါဒတွေ ဒီမိုကရေစီ လမ်းကြောင်းတွေ ပြောင်းမှာ မဟုတ်လို့မြန်မာနိုင်ငံအတွက် ထိခိုက်မှု မရှိနိုင်ပါဘူး။”ဟု အမျိုးသား လွှတ်တော် သတ္ထု ၊ သယံဇာနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သီဟက ဆင်ဟွာသို့ပြောသည်။

မြန်မာ-အမေရိကန် စီးပွားရေး အလားအလာမှာ မြန်မာနိုင်ငံ၌ အမေရိကန်နိုင်ငံမှ နည်းပညာပိုင်း ထောက်ပံ့ကူညီမှုများသာ များပြားပြီး ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်နိုင်ငံ၏ စီးပွားရေး ဦးမော့အောင် ပြန်ပြီး ကြိုးပမ်းရမည့် အနေအထား ဖြစ်ကြောင်း ၊ အသေးစိတ်မှာ ပထမ ရက် ၁၀၀ အား စောင့်ကြည့်ရမည်ဟု သိရသည်။

“အမေရိကန် ပြည်တွင်း စီးပွားရေး ပြန်ပြီး ကောင်းမွန်လာတာနဲ့အမျှ မဟာဗျူဟာ အရ အမေရိကန်ရဲ့ အလေးထားတဲ့ အာရှ-ပစိဖိတ် ဒေသ အခြေအနေ အပေါ်မှာလည်း ပြန်ပြီး အာရုံ စိုက်မှုတွေ ရှိလာပါမယ်။”ဟု ဦးဇော်ဌေးက ပြောသည်။

“နဂိုက အမေရိကန်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ သိပ်မရှိတဲ့ အတွက် မြန်မာနိုင်ငံအနေနဲ့တော့ လုံး၀ သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲနိုင်မယ် မထင်ပါဘူး။”ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ အခြေအနေများကြောင့် နိုင်ငံခြား ငွေကြေး ဈေးကွက် အတက်/အကျ အပြောင်းအလဲများ ဖြစ်ပေနိုင်သော်လည်း ယင်းမှာ တစ်ခဏသာ ဖြစ်ပြီး ပုံမှန် အခြေအနေ ပြန်ရောက် နိုင်ကြောင်း ဒေါက်တာ မောင်မောင်လေးက သုံးသပ် ပြောကြားခဲ့သည်။မြန်မာနိုင်ငံသည် အာရှတိုက်တွင် ရှိသည့် အတွက် ကုန်သွယ်မှုတွင် ပြသနာ မရှိနိုင်ဘဲ ၊ ရင်းနှီးမြုပ်နှံမှုပိုင်းတွင် အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုမှာ နည်းနေသေးသည့် အတွက် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ် ထရမ့်အား နိုဝင်ဘာလ ၉ ရက်တွင် ရွေးချယ်တင်မြှောက်ခဲ့သည်။ (Xinhua)