Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အခြေအနေ နှင့် လတ်တလော ဖြစ်ပေါ် တိုးတက်မှုများ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ရှင်းလင်း

အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် အခြေအနေ နှင့် လတ်တလော ဖြစ်ပေါ် တိုးတက်မှုများကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက ရန်ကုန်မြို့ အခြေစိုက် သံတမန်များ နှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များအား ယနေ့ဧပြီ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ တွေ့ဆုံ ရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့ရှင်းလင်းစဉ် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ကြောင်း ထင်ရှားသည့် သက်သေ အထောက်အထားများ ရှိပါက တရား ဥပဒေ အရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက အတည်ပြု ပြောကြားခဲ့သည်။ပြည်သူလူထု အကြား အကြမ်းဖက်မှု လုပ်ရပ်များကို မည်သည့် အခြေအနေမျိုးတွင်မှ လက်ခံ နိုင်ခြင်း မရှိကြောင်း ၊ နိုင်ငံ တစ်နိုင်ငံတွင် အကြမ်းဖက်မှု မျိုးစေ့ချရန် ကြိုးပမ်းမှုသည် ဒေသတွင်း သာမက ဒေသ ပြင်ပ အထိ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက အလေးအနက်ထား ပြောကြားခဲ့သည်။

အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် နှင့် သံတမန်များ ၊ ကုလသမဂ္ဂ အဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များ တွေ့ဆုံစဉ်(ဆင်ဟွာ)

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သူ အားလုံး၏ ငြိမ်းချမ်းရေး ၊ သဟဇာတ ရှိရေး ၊ တရား မျှတရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် နိုင်ငံတော် အစိုးရမှ အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းကို နားလည် သဘောပေါက်မှု ၊ အပြုသဘော ဆောင်သော ထောက်ခံ ကူညီမှုများ ဆက်လက် ပေးအပ် လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော် အစိုးရမှ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက် အများအပြားကို အချိန်မဆိုင်းဘဲ ထိရောက်စွာ အကောင်အထည်ဖော်ရန် သန္နိဌာန် ချမှတ် ထားကြောင်း နှင့် အချို့ကိစ္စရပ်များကို ဒေသန္တရ အခြေအနေ နှင့် လိုက်လျော ညီထွေ ဆက်စပ် ဆောင်ရွက်မည် ဖြစ်သော်လည်း လျင်မြန်စွာ တိုးတက်မှုများ ရရှိလာမည်ဟု ယုံကြည်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။အစီရင်ခံစာပါ အကြံပြုချက်များအနက် လတ်တလော အကောင်အထည် ဖော်လျက် ရှိသော ကျောက်ဖြူ ၊ စစ်တွေ ၊ ရမ်းဗြဲ တို့ရှိ IDP စခန်းများ ပိတ်ရေး အတွက် စီစဉ်လျက် ရှိခြင်း ၊ မီဒီယာများ လွတ်လပ်စွာ သွားရောက် သတင်း ရယူနိုင်ရေး ၊ ICRC မှ အကျဉ်းထောင်များအား သွားရောက်ခွင့် ရရှိရေး ၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့် ပေးနိုင်ရေး ၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် ပိုမို တိုးတက် မြန်ဆန်စေရေး တို့အတွက် ဆောင်ရွက်နေခြင်း စသည့် အပြုသဘော ဆောင်သော တိုးတက်မှုများကို ပြောကြားခဲ့သည်။

အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင်ပြည်နယ် အရေးကိစ္စ၏ သိမ်မွေ့ နက်နဲသော သဘောသဘာ၀ နှင့် စိန်ခေါ်မှုများကို ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် အရေး ကိစ္စကို ဖြေရှင်းရာတွင် အဓိက အရေးကြီးသည့် ယုံကြည်မှု တည်ဆောက်ရေး ၊ ဆင်းရဲ နွမ်းပါးမှု နှင့် ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ခြင်းကို ဖြေရှင်းရေး နှင့် ရေရှည် ဖြေရှင်း နိုင်မည့် နည်းလမ်း ရှာဖွေရေး တို့အတွက် နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းခဲ့သည်။ (Xinhua)