Connect with us

Politics, Law & Military

သန်းခေါင်စာရင်း ပင်မရလဒ်သည် ပြုပြင် ပြောင်းလဲမှု အတွက် အထောက်အပံ့ ဖြစ်ဟု သမ္မတဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ၏ ရလဒ်သည် မြန်မာနိုင်ငံ၌ လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုအတွက် အထောက်အပံ့ ဖြစ်ကြောင်း ယနေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန- ၂ (MICC-2) တွင် ကျင်းပသော ပင်မ သန်းခေါင်စာရင်း ရလဒ် ထုတ်ပြန်ခြင်း အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပင်မ သန်းခေါင်စာရင်း ရလဒ် နှင့်ပတ်သက်ပြီး အသိပညာဗဟုသုတများကို ပြည်သူများအား မျှဝေသွားမည် ဖြစ်ကြောင်း၊ ယင်း ရလဒ်အရ အလားအလာကောင်း ရှိသည့် ဒေသများလည်း ဖွံ့ဖြိုးတိုးတက် လာနိုင်ကြောင်း သမ္မတက ဆိုသည်။

အဆိုပါ သန်းခေါင်စာရင်း ရလဒ်သည် မြန်မာနိုင်ငံ ပြည်သူ ပြည်သားများ၏ ပကတိ အခြေအနေများကို ပြရန် အရင်းအမြစ်ဖြစ်ပြီး သန်းခေါင်စာရင်း ရလဒ်များကို အသုံးပြုကြရန် သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။

“ အနာဂတ်မှာ ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်လဲဆိုတဲ့ အဆုံးအဖြတ်ကို အတူ လက်တွဲ ဆောင်ရွက်ဖို့ လိုပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။ ၂၀၁၄ သြဂုတ်လတွင် မြန်မာနိုင်ငံ လူဦးရေစာရင်းကို ရှေ့ပြေးအနေဖြင့် ထုတ်ပြန်ခဲ့ပြီး ယနေ့ အသေးစိတ် အချက်အလက်များ ပါဝင်သည့် ပင်မ အခြေခံ သန်းခေါင်စာရင်းကို ထုတ်ပြန်ခဲ့သည်။
ယနေ့ထုတ်ပြန်သော ပင်မ သန်းခေါင် စာရင်းထဲတွင် လူမျိုး၊ ဘာသာ ၊ အလုပ်အကိုင် ၊ လုပ်ငန်းနှင့် ပတ်သတ်သည့် အချက်အလက်များ ပါဝင်ခြင်းမရှိဘဲ ယင်း အချက်အလက်များကို ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဗီးယား ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို နေပြည်တော် MICC-2 တွင် ကျင်းပနေပုံ (ဆင်ဟွာ)

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ (အလယ်) အား သတင်းစာရှင်းလင်ပွဲတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

“လူမျိုးဆိုရင် ၁၃၅ မျိုးထက် နှစ်ဆ သုံးဆတွေ ပိုလာလို့ သေချာ စိစစ်နိုင်ဖို့ ၂၀၁၆ မှာ ထုတ်ဖို့ လုပ်လိုက်ရတာပါ”ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ နှင့်ပတ်သတ်သည့် ပင်မ သန်းခေါင်စာရင်း အစီရင်ခံစာတွင် လူဦးရေ ဆိုင်ရာ ဝိသေသ လက္ခဏာများ၊ လူမှုရေးဆိုင်ရာ ဝိသေသ လက္ခဏာများ၊ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေးအခြေအနေ၊ စီးပွားရေး၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ မသန်စွမ်းမှုနှင့် အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင် ပစ္စည်းများ သုံးစွဲနိုင်မှု အခြေအနေနှင့် ပတ်သက်သည်များကို အသေးစိတ် ဖော်ပြထားသည်။

မြန်မာနိုင်ငံ လူဦးရေ ကိန်းဂဏန်း အချက်အလက်များ ပါဝင်သည့် ပင်မ သန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို နေပြည်တော် MICC ခန်းမတွင် ယနေ့ကျင်းပပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ များဖြစ်သည့် ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဦးဉာဏ်ထွန်း ၊ တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အစိုးရ ဝန်ကြီးများ၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဗီးယား၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၄၉ သန်းရှိပြီး အမျိုးသား ဦးရေမှာ ၂၄.၈၂ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၄၈.၂၂ ရာခိုင်နှုန်း နှင့် အမျိုးသမီး ဦးရေမှာ၂၆.၆၆ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၅၁.၇၈ ရာခိုင်နှုန်း ရှိရာ အမျိုးသမီး ဦးရေသည် အမျိုးသား ဦးရေထက် ၁.၈၃ သန်း ပိုမို များပြားနေကြောင်း သိရသည်။ (Xinhua)