Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် စီးကရက်နှင့် အရက်  အခွန်နှုန်းများ ပြင်ဆင်မည်

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမအတွင်းသို့ လွှတ်တော် နာယက ရောက်ရှိစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၌ အထူးကုန်စည်ခွန်များအနက် စီးကရက်အမျိုးမျိုးနှင့် အရက် အမျိုးမျိုးတို့၏ အခွန်နှုန်းထားများနှင့် စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေခွန်အတွက် အခွန်နှုန်းထားများအား လျှော့ချသတ်မှတ်သင့်သည်ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ ပြင်ဆင် ချက်များ တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင်ချက်များအရ စီးကရက်အမျိုးမျိုး၏ အခွန်နှုန်းများကို ယမန်နှစ်  ၂၀၁၉ ထက် တန်ဖိုး အဆင့်လိုက် သတ်မှတ်ချက်အပေါ် နှစ်ကျပ်စီ တိုးမြှင့် သတ်မှတ်ထားခြင်းကို တစ်ကျပ်စီ လျှော့ချသင့် ကြောင်း၊ အရက်အမျိုးမျိုး၏ အခွန်များကိုလည်း ယမန်နှစ်ထက် တန်ဖိုး အဆင့်လိုက် သတ်မှတ်ချက် အပေါ် ၈ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ထားခြင်းကို ၆ ရာခိုင်နှုန်းသာ တိုးမြှင့် သတ်မှတ်သင့်ကြောင်း ဖြင့် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာ မြတ်ဉာဏစိုးက တင်ပြခဲ့ခြင်း ဖြစ်သည်။

၎င်းက  “စီးကရက်နဲ့ အရက်ဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အမျိုး အစားတွေ ဖြစ်တဲ့ အတွက် အခွန်နှုန်း တိုးမြှင့် သတ်မှတ်ထားခဲ့ပါတယ်၊ ဒါပေမယ့် ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ COVID-19 ကပ် ရောဂါ ဘေးရဲ့ သက်ရောက်မှုအရ မြန်မာနိုင်ငံမှာ စီးပွားရေး အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ စက်ရုံကြီးတွေကို ပြန်လည် ထောက်ရှုပြီးတော့ အခွန်နှုန်းထားတွေ ပြင်ဆင်သင့်ကြောင်း တင်ပြလို ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခု ပြင်ဆင်ရန် တင်ပြသည့် အခွန်နှုန်းထား အသစ်အရ စီးကရက် အလိပ် ၂၀ ပါ တစ်ဘူး၊ ရောင်း ဈေး ၆၀၀ ကျပ်အထိ အဆင့် ဖြစ်လျှင် တစ်လိပ်အတွက် အခွန် ကိုးကျပ်၊  ရောင်းဈေး ၆၀၁ ကျပ်မှ ၈၀၀ ကျပ်အထိ အဆင့် ဆိုလျှင် တစ်လိပ်အတွက် အခွန် ၁၈ ကျပ်၊ ရောင်းဈေး ၈၀၁ ကျပ်မှ ကျပ် တစ်ထောင်အထိ အဆင့် ဖြစ်လျှင် တစ်လိပ်အတွက်အခွန် ၂၃ ကျပ်၊ ရောင်းဈေး ၁၀၀၁ ကျပ်နှင့် အထက် အဆင့် ဖြစ်လျှင် တစ်လိပ်အတွက် အခွန် ၂၆ ကျပ် ဖြစ်ကြောင်း၊ ယမန်နှစ်ကထက် တစ်လိပ် လျှင် တစ်ကျပ်စီ လျော့ကျသွားကြောင်း သိရသည်။

အရက်အမျိုးမျိုးကမူ ယခုနှစ် တင်သွင်းသည့် ဥပဒေကြမ်းအား ပြင်ဆင်ခဲ့ရာ တန်ဖိုး အဆင့်အလိုက် တစ်လီတာ တန်ဖိုး ၃၀၀ ကျပ်မှ တစ်ထောင်ကျပ်အထိ ဆိုလျှင် တစ်လီတာလျှင် ၁၈၀ ကျပ်၊ တစ်လီတာ တန်ဖိုး ၁,၀၀၁ ကျပ်မှ ၂,၀၀၀ ကျပ်အထိဆိုလျှင် တစ်လီတာလျှင် ၄၄၉ ကျပ်၊  တန်ဖိုး ၂,၀၀၁ မှ ၃,၀၀၀ အထိ ဆိုလျှင် တစ်လီတာလျှင် ၇၄၉ ကျပ်၊ စသည်ဖြင့် အဆင့်လိုက် အခွန်ကျသင့် မည်ဖြစ်ရာ တစ်လီတာ တန်ဖိုး ၁၄,၀၀၁ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ အဆင့် ဖြစ်လျှင် တစ်လီတာလျှင် ၄,၃၄၆ ကျပ် နှင့် တစ်လီတာ တန်ဖိုး ၁၉၀၀၁ ကျပ်နှင့် အထက် အဆင့် ဖြစ်လျှင် တစ်လီတာလျှင် တစ်လီတာ တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း အခွန် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ မြတ်ဉာဏစိုးက “စည်းကြပ်မှုမှ လွတ်ကင်းတဲ့ အခွန်တွေကို မနှစ်က သက်သာခွင့် ပြုခဲ့ပါတယ်၊ ဒါပေမယ့် COVID-19 ကပ်ရောဂါဘေးကြောင့် စီးပွားရေး အကျပ်အတည်းကြုံနေရတဲ့ အချက်က တစ်ချက်၊ နောက်တစ်ခု က ဝင်ငွေခွန် ဥပဒေကြမ်းကို ဇူလိုင် ၁၇ ရက်နေ့ကမှ ပြည် ထောင်စု လွှတ်တော်ကို တင်သွင်းထားတာကို ပြဌာန်းနိုင်ဖို့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်၊ ဆောင်ရွက်ဆဲ အဆင့်မှာ အခု စည်းကြပ်မှုမှ လွတ်ကင်း နေတဲ့ ဝင်ငွေခွန်ကောက်ခံမှုက ရှိနေတုန်းပါ၊ ဒါကြောင့် အဲဒီဝင်ငွေခွန်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်မယ့် အစား အလွှာလိုက် အခွန်နှုန်းတွေကို လျှော့ချ သတ်မှတ်သင့်တဲ့အတွက် ပြင်ဆင်သတ်မှတ်ချက်ကို တင်ပြပါတယ်” ဟု ပြောကြားခဲ့သည်။

တင်ပြလာသည့် ပြင်ဆင်သတ်မှတ်ချက် အသစ်အရ ဝင်ငွေ တစ်ကျပ်မှ ကျပ် သိန်း တစ်ထောင်အထိ အခွန်နှုန်း ၆ ရာခိုင်နှုန်း၊ ကျပ် သိန်း တစ်ထောင့်တစ်မှ ကျပ် သိန်းသုံးထောင်အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း သုံးထောင့် တစ်မှ ကျပ် သိန်း သုံးသောင်း အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ် သိန်း သုံးသောင်းနှင့် အထက်အား ၃၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.