Connect with us

Politics, Law & Military

COVID-19 ရောဂါဖြစ်ပွားမှုကာလ အတွင်း ကိုယ်ဝန်ဆောင်မိခင် ထောက်ပံ့ခြင်း ကို နေပြည်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် ၈ခု တွင် တိုးချဲ့ဆောင်ရွက်သွားမည်

ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးပညာပေးခြင်းအားဆောင်ရွက်နေစဉ် (ဓာတ်ပုံ--ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့ခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ဒေသများတွင် မပါဝင်သေးသည့် နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၈ခုတွင် COVID-19 ရောဂါဖြစ်ပွားမှုကာလ အတွင်း တစ်ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မှ လက်ထောက်အတွင်းဝန် ဒေါ်နွဲ့ယဉ်အေး က ဆင်ဟွာကို သြဂုတ် ၇ ရက်တွင်ပြောသည်။ 

“ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးလာတဲ့ ကလေး ရက်ပေါင်း ၁,၀၀၀ အတွင်းက အဟာရ  ဖွံ့ဖြိုးမှု အမြင့်ဆုံးမို့ အဲ့ဒီအချိန် ကို ဆောင်ရွက်ရခြင်းဖြစ်တယ်။ COVID-19 ရောဂါဖြစ်ပွားတဲ့ကာလ မှာတော့ ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး တွေကို သက်ရောက်မှုလျော့ပါးသက်သာစေဖို့ရည်ရွယ်ပြီး အခုလို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်’’ ဟု ၎င်း ကဖြည့်စွက်ပြောကြားသည်။

ယခုအစီအစဉ် တွင် အကောင်အထည်ဖော်မည့်ဒေသများမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသမပါ)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့ ဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်များအတွက် စာရင်းကောက်ယူမည့်ကာလ ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကနဦးသတ်မှတ်ထားကြောင်း၊ အဆိုပါကာလအတွင်း ကိုယ်ဝန်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ဆေးရုံ၊ ကျန်းမာရေးဌာနများ ၏  အထောက်အထား (သို့မဟုတ်) တရားဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ၏ အထောက်အထားရှိသူ ကိုယ်ဝန်ဆောင်မိခင်များအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ 

Google Paly Store နှင့် Apple Store တို့တွင် ငွေဗိုက်(Ngwe Bike) အက်ပလီကေးရှင်းအား Download ရယူပြီးစာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရရှိသူ ကိုယ်ဝန်ဆောင်များအနေဖြင့် ထောက်ပံ့ကြေးပမာဏ ၃၀,၀၀၀ ကျပ်အားတစ်ကြိမ်ရရှိခံစားနိုင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ယနေ့ သြဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထောက်ပံ့ကြေးအား အကျိုးခံစားခွင့်ရရှိသူများ ၏ ကိုယ်ပိုင်ဘဏ်စာရင်း (သို့မဟုတ်) နီးစပ်ရာဘဏ်ခွဲများ (သို့မဟုတ်) မိုဘိုင်းငွေလွှဲစနစ်ဖြင့်လွှဲပို့ထောက်ပံ့ခြင်း (သို့မဟုတ်)သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ ရှိ စုရပ်များ၌ ထောက်ပံ့ခြင်းတို့ ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မှ စတင်၍  ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးများ အသက်၂ နှစ်အထိ ငွေကြေးထောက်ပံ့မှုလုပ်ငန်းများကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် နှစ်စဉ်တိုးချဲ့၍ ပုံမှန်ပံ့ပိုးပေးလျက်ရှိကြောင်း  သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.