Connect with us

Politics, Law & Military

ဝင်ငွေခွန် လျော့ကျရခြင်းမှာ MIC ငွေပြန်အမ်းမှုနှင့် ရေနံဈေး ကျသောကြောင့်ဟု ဆို

ပြည်ထောင်စုလွှတ်တော်မြင်ကွင်းအားတွေရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

၂၀၁၅ -၁၆ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လအတွင်း အခွန်ကောက်ခံရရှိငွေ လျော့ကျရခြင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC:_ Myanmar Investment Commission) ၏ ပြန်လည် ရင်းနှီး မြှုပ်နှံမှု (reinvestment) အရ ကုမ္ပဏီကြီးများသို့ငွေပြန်အမ်းရခြင်းနှင့် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်းများ အတွက် ကမ္ဘာ့ ရေနံ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုမိန့်များအရ ပြန်လည် ရင်းနှီးမြှုပ်နှံမှု (reinvestment) များကို ခွင့်ပြုခဲ့တဲ့ အတွက် ပေးသွင်းပြီး အခွန်များမှ အချို့ကို ပြန်အမ်းငွေများ ပေးခဲ့ရခြင်း၊ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ဈေးနှုန်း ကျဆင်းခြင်းရဲ့ အကျိုးဆက်များကြောင့် ကုမ္ပဏီများ ဝင်ငွေ လျော့နည်းပြီး အခွန် လျော့နည်းရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် ပုဂ္ဂလိကဏ္ဍမှ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ကုမ္ပဏီများ အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်မှာ ဝင်ငွေခွန် ၄၉၅.၃၄၉ ဘီလျံ ပေးဆောင်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၂၅၉.၁၁၄ ဘီလျံသာ ပေးဆောင်နိုင်ခဲ့သည်။ ယမန်နှစ်ဖြင့် နှိုင်းယှဉ်ပါက ၂၃၆.၁၃၅ ဘီလျံ လျော့နည်းခဲ့သည်။

ထို့နည်းတူ နိုင်ငံပိုင်ကဏ္ဍ ဖြစ်သည့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၄ -၁၅ တုန်းက ဝင်ငွေခွန် ၃၇၈.၈၈၇ ဘီလျံ ပေးဆောင်ခဲ့သော်လည်း ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်မှာ ၂၃၆.၀၂၂ ဘီလျံသာ ရှိခဲ့သဖြင့် ယမန်နှစ်ကထက် ၁၄၂.၁၆၄ ဘီလျံ လျော့နည်းခဲ့သည် ဟု ဒုတိယ ဝန်ကြီးက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

“နိုင်ငံပိုင် ကဏ္ဍ နဲ့ပုဂ္ဂလိက ကဏ္ဍ နှစ်ခုပေါင်းရင် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့မှာ ယမန်နှစ်ကထက် ကျပ် ၃၇၉ ဘီလျံ လျော့နည်းခဲ့ပါတယ်။ ဒါတွေက၂၀၁၅-၁၆ ဘဏ္ဍာနှစ်ရဲ့ ဝင်ငွေခွန် လျော့နည်းစေတဲ့ အဓိက အကြောင်းတွေဖြစ်ပါတယ်” ဟု ၎င်းကထောက်ပြခဲ့သည်။

၂၀၁၅-၁၆ တစ်နှစ်လုံးအတွက် ဝင်ငွေခွန် လျာထားချက်မှာ ၂၃၃၅.၃၃၄ ဘီလျံ ရှိခဲ့သော် လည်း ၂၃၂၇.၃၃၉ ဘီလျံသာ ကောက်ခံရရှိသည့်အတွက် လျာထားချက်အပေါ် အကောင်အထည် ဖော်နိုင်မှု ၉၉.၆၅ ရာခိုင်နှုန်း ရှိကြောင်းလည်း ဝန်ကြီးက ဖြည့်စွက် ရှင်းပြခဲ့သည်။

ဝင်ငွေခွန်များ ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ၎င်းက “ဝင်ငွေ အမျိုးအစားအလိုက် ဝင်ငွေ ခေါင်းစဉ် ခုနစ်မျိုးနဲ့ကောက်ခံခဲ့ပါတယ်။ လစာ၊ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်း၊ ပစ္စည်းမှ အမြတ်အစွန်းငွေ၊ ကြီးကြပ်မှု မှ လွတ်ကင်းနေသည့် ဝင်ငွေ၊ အခြား ဝင်ငွေ စသည်တို့ဖြစ်ပါတယ်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကြီးကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေမှ လွဲပြီး ကျန်ဝင်ငွေများမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထက် ပိုမို ကောက်ခံ ရရှိခဲ့ပါတယ်။ အိမ်ခြံမြေ ပြုပြင်ခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်းတွေအတွက် ကြီးကြပ်မှုမှ လွတ်ကင်းနေတဲ့ ခေါင်းစဉ်နဲ့အခွန် ကောက်ပါတယ်။ အဲဒီမှာ ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ အခွန်နှုန်းထားများနဲ့ ၂၀၁၅ မှာ ပြဌာန်းခဲ့တဲ့ အခွန်နှုန်းထားများ ခြားနားချက်ကြောင့် လျော့နည်းခဲ့ရခြင်း ဖြစ်ပါတယ်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ၁၆၃.၆၀၈ ဘီလျံ ရရှိခဲ့သော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ၁၃၄.၆၇၉ ဘီလျံသာ ကောက်ခံ ရရှိခဲ့လို့ ၂၈. ၉၁၉ ဘီလျံ လျော့နည်းခဲ့ရတာပါ” ဟု ပြောခဲ့သည်။

ထို့ပြင် ဦးမောင်မောင်ဝင်းက “ပြည်တွင်း အခွန်များဦးစီးဌာန အနေနဲ့ ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်မှာ ဝင်ငွေခွန် တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်ခွန်၊ အောင်ဘာလေ သိန်းဆုခွန် ဆိုပြီး အခွန် လေးမျိုး ကောက်ခံခဲ့ပါတယ်။ စုစုပေါင်း လျာထားချက်ကတော့ ကျပ် ၃၄၅၁.၃၈၄ ဘီလျံဖြစ်ပြီး ကောက်ခံ ရရှိတာက ၃၅၂၁.၉၇၉ ဘီလျံ ဖြစ်လို့၁၀၂.၀၅ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဝင်ငွေခွန် အနေနဲ့၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တုန်းက ကျပ် ၇၄၇.၄၀၂ ဘီလျံ လျာထားချက် မှာ ၁၀၁၆.၀၁၈ ဘီလျံ ကောက်ခံရရှိခဲ့တဲ့အတွက် ၁၃၅.၉၄ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့ပါတယ်။ ဒုတိယ ခြောက်လပတ်မှာ ၁၅၈၁ .၀၃၂ ဘီလျံ လျာထားခဲ့ရာမှာ ရရှိမှုက ကျပ် ၁၃၁၁ ဒသမ ၃၂၁ ဘီလျံ ရရှိခဲ့လို့၈၁.၅၈ ရာခိုင်နှုန်းသာ ဖြစ်ခဲ့ပါတယ် ။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးကို ပြန်ကြည့်ရင် ၂၃၃၅.၄၃၄ ဘီလျံ လျာထားရာမှာ ၂၃၂၇.၃၃၉ ဘီလျံ ကောက်ခံ ရရှိခဲ့လို့ လျာထားချက် ပြည့်လုနီးပါး ကောက်ခံရရှိခဲ့ပါတယ်” ဟုလည်း ရှင်းလင်း ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်စနစ် ပြောင်းလဲရေးအတွက် ဆောင်ရွက်လျက်ရှိရာ Revenue organization ဖြစ်လာရေး၊ အခွန်များကို ထိရောက် အကျိုးရှိစွာ ခွဲေ၀ သုံးစွဲရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန် စနစ်ကို official assessment system မှ self-assessment system သို့ကူးပြောင်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။ (Xinhua)