Connect with us

Politics, Law & Military

UPDJC တစ်နှစ်တာ ဆောင်ရွက်မှု တိုးတက်မှုရှိသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပြော

UPDJC အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၂ ရက် (ဆင်ဟွာ)

UPDJC တစ်နှစ်တာ ဆောင်ရွက်မှုများကို ခြုံကြည့်လျှင် တိုးတက်မှုရှိသည်ဟု ၎င်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ပြုလုပ်သည့် (၁၀) ကြိမ်မြောက် UPDJC အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“တစ်နှစ်ကျော်တဲ့ ကာလအတွင်းမှာ အနိမ့် အမြင့်၊ အရှေ့ တိုးလိုက်၊ နောက်ဆုတ်လိုက် ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော အားလုံးခြုံပြီး ကြည့်လိုက်ရင် တိုးတက်မှု ရှိတယ်လို့ ကျွန်မတို့က ယူဆပါတယ်” ဟု နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ ကျင်းပသည့် UPDJC (၁၀) ကြိမ်မြောက် အစည်းအဝေး အဖွင့် မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားမှု ရှိနေကြောင်း၊ မြန်မာနိုင်ငံအတွက်သာမက အခြား ပဋိပက္ခ ဖြစ်နေသည့် နိုင်ငံများ အတွက်လည်း အရေးကြီးသည့် သင်ခန်းစာများ ရနိုင်မည့် ဖြစ်စဉ်ဟု ၎င်းတို့ ယူဆကြသောကြောင့် ဖြစ်ကြောင်း၊မြန်မာနိုင်ငံ၏ အောင်မြင်မှုမှာ နိုင်ငံတစ်ခုတည်း၏ အောင်မြင်မှု မဟုတ်ဘဲ တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းရေး ဖြစ်စဉ် များအတွက် အောင်မြင်မှုဟု သတ်မှတ်သည့် ပုဂ္ဂိုလ်များလည်း ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို အောင်မြင်အောင်လုပ်ဖို့ အားလုံးမှာ တာဝန်ရှိသည်ဟု ယူဆပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။

“ ဒီလိုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဟာ နောက်ဆုံးက ဆန္ဒနဲ့ပဲ ဆိုင်ပါတယ်။ ဆန္ဒကလွဲလို့ တခြားဖြစ် နိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ ငြိမ်းချမ်း ရေးလိုချင် လို့ရှိရင် ဘယ်လိုနည်းနဲ့မဆို ကျွန်မ တို့ရယူလို့ရပါတယ်။ ငြိမ်းချမ်းရေး မလိုချင်လို့ ရှိရင်တော့ နည်းအမျိုး မျိုးနဲ့ ငြိမ်းချမ်းရေး ကြန့်ကြာအောင် လုပ်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်၊ အစည်းအဝေး ကိုရောက်ရှိနေတဲ့ပုဂိုလ်များအားလုံး ဟာ ငြိမ်းချမ်းရေးအတွက်စစ်မှန်တဲ့ ဆန္ဒရှိတယ် ဆိုတာ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။ ရှိတာ၊မရှိတာက တော့ နောက်ဆုံးမှာ ဘယ်သူက ဆုံးဖြတ် မလဲဆိုတော့ ပြည်သူလူထုနဲ့ သမိုင်း က ဆုံးဖြတ်မှာဖြစ်ပါတယ်။ပြည်သူ လူထုဆိုတာ ပစ္စုပ္ပာန်ကာလ ပြည်သူ မဟုတ်ဘူး။ နောင်လာမယ့်နောင်သား များ၊မျိုးဆက်က ဆုံးဖြတ်မယ်ဆိုတာ သမိုင်းက ဆုံးဖြတ်ခြင်းပဲဖြစ်မှာပါ” ဟုလည်း UPDJC ဥက္ကဋ္ဌက ပြောခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့် မိန့်ခွန်း ပြောအပြီးတွင် UPDJC ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဖဒိုစောကွယ်ထူးဝင်းနှင့် ဦးသုဝေတို့ကလည်း အဖွင့် စကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ဖဒိုစောကွယ်ထူးဝင်းက UPDJC သို့ တင်သွင်းလာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့အစည်းအသီးသီး၏ တင်ပြချက်ချက်များ၊ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး “ကျွန်တော် တို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဆန္ဒရှိတဲ့ ပြည်နယ် တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲနိုင်တဲ့ အခွင့်အရေး ပါရှိတယ် ဆိုတာ အထူးသဖြင့် ဝမ်းမြောက်မိပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ တစ်ဆင့်တက်ပြီးတော့ ပြည်ထောင်စု အနှစ်သာရပါတဲ့ စုဖွဲ့မှု တစ်ခုဖြစ်တဲ့ အတွက်ကြောင့် အများကြီး ကျေးဇူးတင်မိပါတယ်၊ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီဟာ ဒီနိုင်ငံရေး ဆွေးနွေးပွဲကို အောင်မြင်အောင် ကျင်းပဖို့ တာဝန် အရှိဆုံး ဖြစ်ပါတယ်။ NCA အခြေခံမူ နိုင်ငံရေး ပြုပြင် ဆွေးနွေးမှု မူဘောင် အခြေခံ ပြီးသွားတော့ ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးမှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ နေရာမှာ ပါဝင်တဲ့ အစုအဖွဲ့အားလုံးတွေကလည်း ဆန္ဒရှိရှိ စေတနာရှိရှိနဲ့ တစ်နိုင်ငံလုံး အကျိုးအတွက် မျှော်မှန်းပြီးတော့ ဆွေးနွေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သဘောထား အမြင်များ မတူညီမှုကို အားလုံးအတွက် အကျိုးရှိသော အားလုံးအကျိုးကို မထိခိုက်စေသော၊ မဆန့်ကျင်သော အဖြေ ရလဒ် ရရှိသည်အထိ ညှှိုှုနှိုင်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံ့ အကျိုး ပြည်သူ့အကျိုးကို ရည်မှန်းပြီး ဆွေးနွေး အဖြေရှာသွားကြရန် တိုက်တွန်းကြောင်းလည်း ပြောကြားခဲ့သည်။

ယနေ့အစည်းအဝေး မနက်ပိုင်းတွင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ကာလနှင့် ပုံစံ၊ ညီလာခံတွင် အတည်ပြုခြင်း နည်းလမ်း၊ ညီလာခံ သဘောတူချက်များအား ပြည်ထောင်စု သဘောတူ စာချုပ် အဖြစ် ချုပ်ဆိုရေးကိစ္စ စသည်တို့ကို ဆွေးနွေး အတည်ပြုပြီး ညနေပိုင်းတွင် နိုင်ငံရေး စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်အရေး၊ လုံခြုံရေး ကဏ္ဍများကို ဆွေးနွေး အတည်ပြုကြမည်ဟု Agenda တွင် ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117