Connect with us

Politics, Law & Military

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ ကိုယ်ပိုင် ဥပဒေပြဌာန်းခွင့် အပါအဝင် အချက် ၄၁ ချက် UPDJC သဘောတူ

UPDJC အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၂ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နှင့် အညီ ကိုယ်ပိုင် ဥပဒေများ ပြဌာန်းခွင့်အပါအဝင် အချက်ပေါင်း ၄၁ ချက်တို့ကို ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးက သဘောတူခဲ့သည်ဟု UPDJC အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်းပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ညနေ အစည်းအဝေးအပြီးတွင် မီဒီယာသို့ပြောသည်။

“တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့တွေက ကိုယ်ပိုင် အခြေခံ ဥပဒေ ရေးဆွဲခွင့်၊ စတဲ့ နိုင်ငံရေး ခေါင်းစဉ် ခြောက်ခုထဲက အချက် ၂၁ ချက်၊ စီးပွားရေးကဏ္ဍမှာ ၁၀ ချက်၊ လူမှုရေး ကဏ္ဍမှာ လေးချက်၊ မြေယာနဲ့ သယံဇာတ ကဏ္ဍမှာ ခြောက်ချက်– စုစုပေါင်း ၄၁ ချက်တို့ကို ဒီနေ့ ၁၀ ကြိမ်မြောက် UPDJC အစည်းအဝေးက သဘောတူနိုင်ခဲ့ပါတယ်၊ ဒါတွေကို လာမယ့် ပင်လုံ second meeting မှာအတည်ပြုပြီး လက်မှတ်ရေးထိုးသွားမှာပါ” ဟု ၎င်းက ပြောခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ကိုယ်ပိုင် အခြေခံ ဥပဒေ ရေးဆွဲခွင့်နှင့် ပတ်သက်ပြီး ယနေ့အစည်းအဝေးသို့တက်ရောက်ခဲ့သည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြည်နယ်တွေမှာ ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲ နိုင်ဖို့ ကျွန်တော်တို့ ဒီနေ့အစည်း အဝေး က သဘောတူကြတယ်၊ မြန်မာနိုင်ငံ သမိုင်းမှာ မရှိခဲ့ဖူးသေးဘူး- ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေမှာ ပြည်နယ်အတွင်းမှာ ကျင့်သုံးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခွင့်ကို အရင်က မပေးခဲ့ ဖူးဘူး၊ ဦးနုခေတ်တုန်းကလည်း မရှိဘူး ဘယ်ခေတ်မှာမှ မရှိခဲ့ဘူး၊ ဒီခေတ်မှာလည်း တော်တော် ညှိရတယ်၊ အခုတော့ ခွင့်ပြုလိုက်တယ်၊ သို့သော် စည်းကမ်းတွေ ကန့်သတ်မှုတွေတော့ ရှိတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

အဆိုပါ စည်းကမ်းချက်များနှင့် ပတ်သက်ပြီး ၎င်းက “ပြည်နယ်ဖွဲ့စည်းပုံကို ရေးပြီး ကျင့်သုံးမယ်ဆိုရင် နံပါတ် ၁ က– ပြည်ထောင်စု ဖွဲ့စည်းပုံကို ဆန့်ကျင် ကွဲလွဲမှု မရှိရဘူး၊ နောက် နံပါတ် ၂ က– ပြည်နယ် ဖွဲ့စည်းပုံဟာ ပြည်နယ် နယ်နိမိတ်ထဲမှာပဲ သုံးရမယ်။ ဥပမာ ကချင်ပြည်နယ် ဖွဲ့စည်းပုံဟာ တခြား ပြည်နယ်မှာ မသက်ဝင်ဘူး၊ နံပါတ် ၃ က- ပြည်နယ်ဖွဲ့စည်းပုံဟာ ဖွဲ့စည်းပုံက ခန့်အပ်တဲ့ ပြည်နယ် အစိုးရ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားရုံးပေါ့ဗျာ- အဲဒီ ပြည်နယ် အာဏာပိုင်တွေ ကလည်း ပြည်ထောင်စု အဆင့် အာဏာပိုင်တွေကို လွှမ်းမိုးလို့မရဘူး၊ ကျော်လို့မရဘူး၊ အကယ်၍ ပြသနာ ရှိခဲ့ရင် ပြည်ထောင်စု အဆင့် ဖွဲ့စည်းပုံကလည်း အာဏာ လွှမ်းမိုးတယ်၊ ပြည်ထောင်စု အဆင့် အာဏာပိုင်တွေကလည်း ပြည်နယ်ကို လွှမ်းမိုးတယ်၊ အဲဒီဟာကို ခွင့်ပြုထားမယ်ဆိုရင်တော့ ပြည်နယ်အစိုးရအဖွဲ့ဟာ ကိုယ်ပိုင် ဖွဲ့စည်းပုံ ရေးဆွဲပြီး ပြည်နယ်ထဲမှာ ကျင့်သုံးနိုင်တယ်၊ သို့သော် ပြည်ထောင်စုရဲ့ အောက်မှာတော့ ရှိရမယ်” ဟုလည်း ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117