Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် ဝ၊ မိုင်းလား အဖွဲ့တို့ NCA ရှေ့လုပ်ငန်းစဉ်များ အတွက် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက် ညှိနှိုင်းမည်ဟု ထုတ်ပြန်

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် “ဝ” အထူးဒေသ - ၂ ၊ မိုင်းလား အထူးဒေသ - ၄ တို့၏ ထုတ်ပြန်ကြေငြာချက် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နှင့် “ဝ” အထူးဒေသ – ၂ ၊ မိုင်းလား အထူးဒေသ – ၄ တို့မှ ကိုယ်စား လှယ်အဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင် လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် လည်းကောင်း အတူတကွ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေး အတွက် ဆက်လက် ညှိနှိုင်း ဆွေးနွေးမည် ဖြစ်ကြောင်း နှစ်ဘက် သဘောတူ ထုတ်ပြန် ကြေညာ ခဲ့သည်။

“ဝ” အထူးဒေသ – ၂ နှင့် မိုင်းလား အထူးဒေသ – ၄ တို့ အနေဖြင့် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အတူတကွ ညှိနှိုင်း ကြိုးပမ်း ဆောင်ရွက်ခဲ့မှု၏ ရလဒ်ဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင် လည်းကောင်း အသိအမှတ်ပြု ထောက်ခံ ကြိုဆိုပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီနှင့် “ဝ” အထူးဒေသ – ၂ ၊ မိုင်းလား အထူးဒေသ – ၄ တို့မှ ကိုယ်စား လှယ်အဖွဲ့တို့သည် စက်တင်ဘာလ ၁၂ ရက်တွင် ကျိုင်းတုံမြို့ တြိဂံဒေသ တိုင်းစစ် ဌာနချုပ် ရွှေတြိဂံ ရိပ်သာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယင်း တွေ့ဆုံ ဆွေးနွေးရာတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါ အချက်အလက်များနှင့် ပတ်သက်၍ သော်လည်းကောင်း၊ နယ်မြေ တည်ငြိမ်အေး ချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ သော်လည်းကောင်း ရင်းနှီး ပွင့်လင်းစွာ အပြု သဘောဆောင် ဆွေးနွေးခဲ့ကြပြီး နှစ်ဘက် သဘောတူ ထုတ်ပြန် ကြေညာခဲ့သည်။ (Xinhua)