Connect with us

Science & Technology

နှစ်စဉ် တိုးလာသော လျှပ်စစ်ဓာတ် သုံးစွဲမှုကို ဖြည့်ဆည်းရန် စီမံကိန်း ၆၀ ခု စီစဉ်ထားရှိ

ထုတ်လုပ်ပြီှးလျှပ်စစ်ဓာတ်အားကိုဖြန့်ဝေမည့် မဟာဓာတ်အားလိုင်းများကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

နှစ်အလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲမှု တိုးတက်လာခြင်းများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေအား၊နေရောင်ခြည်နှင့် လေစွမ်းအင်သုံး လျှပ်စစ် စီမံကိန်း ၆၀ ခုတို့ကို စီစဉ်ထားရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယနေ့ရှင်းလင်း တင်ပြခဲ့သည်။

“ မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဓာတ်အား တိုးတက် သုံးစွဲသွားမယ့် ခန့်မှန်းအခြေအနေများအရ ၂၀၁၇ ခုနှစ်မှာ ဓာတ်အား သုံးစွဲမှုက ၃၁၉၂ မဂ္ဂါဝပ် ရှိပါမယ်၊ လက်ရှိ ထုတ်လုပ်ပေးနိုင်မှုအရ ၄၅၀ မဂ္ဂါဝပ်ခန့်လိုအပ်မှာ ဖြစ်ပါတယ်၊ ၂၀၁၈ ခုနှစ်မှာ ဓာတ်အား သုံးစွဲမှုဟာ ၃၅၈၇ မဂ္ဂါဝပ်အထိ ဖြစ်လာပြီး လက်ရှိ ထုတ်လုပ်ပေးနိုင်မှုအခြေအနေနဲ့သာ နှိုင်းယှဉ်မယ်ဆိုရင် ၈၄၄ မဂ္ဂါဝပ် လိုအပ်လာပါမယ်၊ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်ရန် စီစဉ် ဆောင်ရွက်ရတာ ဖြစ်ပါတယ်၊ ဒီလို တိုးတက်ထုတ်လုပ်နိုင်ဖို့ ရေအားလျှပ်စစ် စီမံကိန်း ၅၀ ခု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် စီမံကိန်း ငါးခု၊ လေစွမ်းအင်သုံး လျှပ်စစ်စီမံကိန်းငါးခုတို့ ကို MOU ရေးထိုးခြင်း၊ MOA ရေးထိုးခြင်း၊ ပဋိညာဉ် စာချုပ် ချုပ်ဆိုခြင်း ၊ JVA စာချုပ် ချုပ်ဆိုခြင်းများ အဆင့်အလိုက် ဆောင်ရွက်ထားပါတယ် ” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ လျှပ်စစ်စီမံကိန်း ၅၀ ခုတို့မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခု နှင့် JVA ချုပ်ဆိုပြီး ခုနစ်ခုတို့ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး တွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီး တစ်ခုတို့ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

၂၀၁၇ ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို့်ယခင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ရာ ထိုဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ရှင်းလင်း တင်ပြရာ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း ပြည်ပမှ အကူအညီများ ရယူ ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများနှင့် ပတ်သက်၍လည်း “ ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နဲ့ သထုံ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို တည်ဆောက်လျက်ရှိကာ ၂၀၁၈ ခုနှစ် မတ်လတွင် ပြီးစီးနိုင်ပြီး ၁၃၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပါမယ်၊ သီလဝါစက်မှုဇုန်မှာလည်း ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို ဂျပန် ချေးငွေဖြင့် ဆောက်လုပ်ထားရှိပြီးတည်ဆောက်လျက်ရှိကာ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ စက်ရုံကို တည်ဆောက်ပြီးပါပြီ၊ ၁၁၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းကို China Exim Bank ရဲ့ မြန်မာနိုင်ငံအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း၄၀၀ အောက်မှအဆိုပါစီမံကိန်းအတွက် စက်ပစ္စည်းများ ဝယ်ယူရန် ဒေါ်လာ ၅၉ သန်းနဲ့ဆောင်ရွက်ထားပါတယ်၊ အချိန်ယူ တည်ဆောက်ရမယ့် စီမံကိန်းဖြစ်လို့ ၂၀၂၄ ခုနှစ်မှ ပြီးစီးနိုင်ပါမယ်၊ ၂၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် အထက်ရဲရွာ ရေအား လျှပ်စစ် စီမံကိန်းကိုလည်း China Exim Bank ရဲ့ ချေးငွေ ဒေါ်လာ သန်း ၄၀၀ အောက်မှ ၁၀၂ သန်းခန့် အသုံးပြု ုပြီးဆောင်ရွက်လျက်ရှိပါတယ်၊ တည်ဆောက်ရေး ပြီးစီးမယ့် ခန့်မှန်းကာလက ၂၀၂၁ ခုနှစ်ဖြစ်ပါတယ်၊ အလားတူ ၅၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကိုလည်း China Exim Bank ရဲ့ ချေးငွေ ဒေါ်လာ သန်း ၁၀၀ အောက်မှ ဒေါ်လာ ၂၉ သန်းခန့်နဲ့ တည်ဆောက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်မှာ ပြီးစီးနိုင်ပါမယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)