Connect with us

Science & Technology

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း Line-2၏ ပထမဆင့်အတွက် ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကုန်ကျနိုင်ဟုဆို

ရန်ကုန်မြို့ပတ်ရထားစီးသူတစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီး၌ တည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းတွင် လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်၍ ရန်ကုန်အရှေ့ပိုင်း ပါရမီဘူတာအထိ တည်ဆောက်မည့် Line -2 ၏ ပထမဆင့်အတွက် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ၂ဒသမ၃ ဘီလီယံ ရှိနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာစီမံချက်အရ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအနက် အဓိက လမ်းကြောင်း ၂ ခုကို Line -1 နှင့် Line-2 ဟူ၍ သတ်မှတ်လိုက်ကြောင်း၊ Line-1 သည် ရန်ကုန်မြို့၏ တောင်၊ မြောက်၊ ဒလ မှ ရန်ကုန်ဘူတာကြီးကို ဖြတ်၍ မင်္ဂလာဒုံလေဆိပ်အထိ တည်ဆောက်ရမည့်အပိုင်း ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား အထွေထွေမန်နေဂျာဦးညီညီဆွေက “ဒလကနေ လာရင် ရန်ကုန်မြစ်ကြီးခံနေတဲ့အတွက် Under Ground ကနေ သွားမယ်ဆိုပြီးလျာထားခဲ့တယ်။ လိုင်း -2 က အရှေ့အနောက်၊ သူက လှိုင်သာယာကနေ တိုးကြောင်ကလေး၊ သီလဝါ ဆိုပြီး လျာထားတယ်။ လိုင်း -1 နဲ့ လိုင်း -2 မှာဆိုရင် လိုင်း -1 က ကုန်ကျစရိတ် ပိုကြီးတယ်။ ခရီးသည်ပို့ဆောင်ရေးအရ စီးနင်းမယ့်သူအများဆုံးရှိနေတဲ့ Line-2 ကို အရင်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အဲဒီLine-2 မှာ လှိုင်သာယာကနေ သီလဝါအထိသွားရင် လမ်းကြောင်း တစ်ခုလုံးတစ်ချိန်တည်း ဖောက်လုပ်မယ်ဆိုရင် ကုန်ကျစရိတ်က ကြီးမားလွန်းတဲ့အတွက် အဲဒီလမ်းကြောင်းကိုပဲ Phase-1 နဲ့ Phase-2 ဆိုပြီးထပ်ပိုင်းလိုက်တယ်။ လှိုင်သာယာကနေ ပါရမီအထိ ကို Phase-1 လို့ သတ်မှတ်တယ်။ ပါရမီကနေ သီလဝါကို Phase-2 လို့ သတ်မှတ်တယ်။ အဲဒီ ၂ ခုလုံးကို တစ်ပြိုင်တည်းအကောင်အထည်ဖော်ဖို့ ခက်ခဲလို့ Phase -1 ကို အရင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်’’ ဟုဆင်ဟွာသို့ နိုဝင်ဘာ ၁၉ ရက်တွင်ပြောကြားသည်။

အဆိုပါစီမံကိန်းကို စီမံကိန်းဖြစ်မြောက်နိုင်မှုလေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်လေ့လာမှုဆန်းစစ်ခြင်း၊ စီမံကိန်းမြေနေရာလွှဲပြောင်းရယူရေးနှင့် ပြန်လည်နေရာချထားရေးများအတွက် လေ့လာပြင်ဆင်မှုများဆောင်ရွက် လျက်ရှိကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အတည်ပြုပြီးပါက တည်ဆောက်ရေးကာလ ၄နှစ်ကြာအချိန်ယူဆောင်ရွက်ရမည်ဟု ခန့်မှန်းရကြောင်း ဆိုသည်။

၊ထိုမိုးပျံစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒ၁သမ ၃ ဘီလီယံ ကုန်ကျနိုင်ပြီး TOD Station ၃ နေရာအပါအဝင် ဘူတာရုံ ၁၃ ခု၊ ဘူတာရုံများတွင် ပါဝင်မည့် ဓာတ်လှေကား၊ လက်မှတ်ရုံ၊ စင်္ကြံနားနေဆောင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာဘူတာမှ ရန်ကုန် – ပုသိမ်ကားလမ်းအတိုင်းသွား၍ ဘုရင့်နောင် တံတားတောင်ဘက်ခြမ်းမှ လှိုင်မြစ်ကို ဖြတ်ကာအုတ်ကျင်းဘူတာမှ ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိ လည်းကောင်း၊ ယင်းအပြင် ဒလမှ မင်္ဂလာဒုံအထိ လည်းကောင်း ဖောက်လုပ်ပြေးဆွဲရန် စီစဉ်လျာထားကြောင်းသိရသည်။ (Xinhua)