Connect with us

Politics

အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး အစီအစဉ်များအား မြန်မာနိုင်ငံအနေဖြင့်ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြောကြား

(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဗီဒီယို မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်

အာဆီယံ-တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို “ဘက်ပေါင်းစုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” သို့အဆင့်မြှင့်တင်ရေး နှင့်၂၀၂၁ ခုနှစ်ကို “အာဆီယံ-တရုတ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်” အဖြစ် သတ်မှတ်ရေး ကိစ္စရပ်များအပါအဝင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် တရုတ်နိုင်ငံက အဆိုပြုထားသည့် အစီအစဉ်များကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တရုတ်နိုင်ငံရှိ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ယနေ့ကျင်းပပြုလုပ်သည့် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ကမ္ဘာကြီးမှာ လူနေမှုပုံစံကို အပြောင်းအလဲ များစွာ ဖြစ်စေတဲ့ COVID-19 ကြောင့် ကျန်းမာရေးအကျပ်အတည်းကို ရင်ဆိုင်နေရပါကြောင်း သို့သော် စိန်ခေါ်မှုများစွာကြားက (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ယခုနှစ်မှာ အောင်မြင်စွာ စီစဉ်ကျင်းပနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကဆိုသည်။

“အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်မယ့် နည်းလမ်းများကို ရှာဖွေရာမှာ ယခုကျင်းပတဲ့ (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဟာ အရေးပါတဲ့နေရာတစ်ခုအဖြစ် ဆက်လက် တည်ရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ၂၀၂၀ ပြည့်နှစ်ကို အာဆီယံ-တရုတ် ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှစ် အဖြစ် သတ်မှတ်ထားတာဖြစ်တဲ့အတွက် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ခိုင်မာစေဖို့ ရပ်ဝန်းနှင့်ပိုးလမ်းမ ထူထောင်စို့” ဟာ အချိန်ကိုက် ဖြစ်ပြီး အလွန် လျော်ကန်သင့်မြတ်မှု ရှိပါတယ်။’’ ဟုသမ္မတကဆက်လက်ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံ၏ အရေးပါပြီး ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးဟာ ကဏ္ဍပေါင်းစုံမှာ ပုံမှန်တိုးတက်လျက်ရှိပြီး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးကို အထောက်အကူပြုလျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံ၏ကုန်သွယ်မှုအများဆုံး မိတ်ဖက်နိုင်ငံ အဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး အာဆီယံတွင် တတိယအများဆုံး လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၉ ခုနှစ်မှာ အမေရိကန် ဒေါ်လာ (၅၀၇.၉) ဘီလီယံရှိပြီး၊ အာဆီယံစုစုပေါင်း ကုန်သွယ်မှု၏ (၁၈) ရာခိုင်နှုန်း ရှိကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံမှ အာဆီယံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၉.၁) ဘီလီယံ ရှိပြီး အာဆီယံ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ (၅.၇) ရာခိုင်နှုန်းရှိကြောင်း လည်းထည့်သွင်းပြောကြားခဲ့သည်။

“ယခုနှစ်ဟာ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်း (၁၀)နှစ် ပြည့်မြောက်တဲ့နှစ် ဖြစ်ပါတယ်။ မိမိတို့ ရည်မှန်းထားတဲ့အတိုင်း ယခု နှစ်ကုန်မှာ နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ(၁)ထရီလီယံနဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၅၀)ဘီလီယံ ပြည့်မီနိုင်ရေးအတွက် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်နဲ့ ယင်းစာချုပ်ရဲ့ နောက်ဆက်တွဲ သဘောတူစာချုပ်တို့ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ဟာ လွတ်လပ်ပြီး အားလုံးပါဝင်၍ စည်းမျဉ်းကိုအခြေခံတဲ့ နိုင်ငံတကာ ကုန်သွယ်ရေး ပတ်ဝန်းကျင်အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်။’’ သမ္မတက၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“အာဆီယံပေါင်းစည်းဆက်သွယ်မှု မဟာစီမံကိန်း (၂၀၂၅)” နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” တို့၏တူညီသည့် ဦးစားပေးလုပ်ငန်းစဉ်တို့ကို ပေါင်းစပ် အကောင်အထည်ဖော်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေ ဖော်ထုတ်ကြရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ယခုနှစ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်ခြင်းနှစ်(၇၀)ပြည့်သော နှစ်ဖြစ်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ ထူးခြားသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ချစ်ကြည်ရေးခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာစေသကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့်ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်စေခဲ့ကြောင်း၊ မိမိတို့ရဲ့ အမျိုးသားစီမံကိန်းနဲ့ ဦးစားပေးလုပ်ငန်းစဉ်တို့နဲ့အညီ ရွေးချယ် သတ်မှတ် ထားတဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းများဟာ ပြည်တွင်းဆက်သွယ်မှုကို သာမက နယ်စပ် ဖြတ်ကျော် ဆက်သွယ်မှုကိုပါ တိုးမြှင့်ပေးနိုင်မယ့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူ ဖြစ်စေလိမ့် မယ်လို့ ယုံကြည်ပါကြောင်း သမ္မတကဆိုသည်။

ထို့အပြင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများကို နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေရန် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်ခြင်းတို့သည် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရေးနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုမြှင့်တင်ရေးတို့ကို အထောက် အကူပြုစေမည်ဖြစ်ကြောင်းနှင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး ထိခိုက်နစ်နာမှုများကိုလည်း လျှော့ချစေနိုင်မယ်ဟု ယုံကြည်ကြောင်း သမ္မတဦးဝင်းမြင့်က ၎င်း၏ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတရှီကျင့်ဖိန်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ လာအိုဝန်ကြီးချုပ် ထောင်လွန်း ဆီဆုလစ်၊ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၊ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖု၊ ယခုနှစ်အတွက် အထူး မိတ်ဖက်နိုင်ငံအဖြစ် ဖိတ်ကြားထားသည့် ပါကစ္စတန်သမ္မတ ဒေါက်တာအာရစ်အယ်လ်ဗီ နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွာ တို့က ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြကြောင်းသိရသည်။ (Xinhua)

 #တရုတ်#အာဆီယံ#သမ္မတဦးဝင်းမြင့်#ဆင်ဟွာ#China#Asia #UWinMyint #Xinhua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.