Connect with us

Politics

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် ကတိပြု

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ သတင်းစာရှင်းလင်းပွဲ အပြီးတွင် လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နက်ရှိုင်းသော နိုင်ငံရေး ယုံကြည်မှု နှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ယနေ့ဧပြီ ၅ ရက်တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။

အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံသို့လာရောက်ခြင်းသည် အိမ်နီးချင်း နိုင်ငံအကြား ညီရင်းအကို ပမာကဲ့သို့သော ဆက်ဆံမှုကို အလေးပေး ဖော်ပြလိုခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ယခုအချိန်တွင် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် သမိုင်းမှတ်တိုင်သစ် တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ၏ အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု အပေါ် နိုင်ငံရေး အရ နှစ်ဦးနှစ်ဘက် အပြန်အလှန် ယုံကြည်မှု ပိုမို နက်ရှိုင်းစေလျက် နှစ်နိုင်ငံ ဆက်ဆံမှုများအတွက် ခေတ်သစ်ကို ဖွင့်လှစ်ရန် တရုတ်နိုင်ငံအနေဖြင့် မြန်မာ အစိုးရသစ်နှင့် အတူ လက်တွဲလုပ်ဆောင်ရန် အဆင်သင့် ရှိကြောင်းလည်း ဝမ်ရိက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေ အပြောင်းအလဲများသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက အလေးပေး ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးက နှစ်နိုင်ငံ အကြား အဆင့်မြင့်အရာရှိပိုင်းဆိုင်ရာ နှင့် ပါတီအချင်းချင်း ဖလှယ်မှု ကိုပိုမိုခိုင်မာစေခြင်းနှင့် အမျိုးမျိုးသော နယ်ပယ်များ၌ နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုကို လေးစားလျက် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တတ်ကြွစွာ ဆက်လက် ပါဝင်သွားမည်ဟုလည်း ဝမ်ရိကပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အကျိုးစီးပွား အပြန်အလှန်ဆက်စပ်နေသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ပြီး ခက်ခဲသည့် အချိန်များတွင် တရုတ်ဘက်မှ ထောက်ပံ့ကူညီပေးခဲ့မှုများကို မြန်မာနိုင်ငံမှ မေ့လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နေခြင်းကြောင့် တရုတ်နိုင်ငံ၏ ဆက်လက်ကူညီမှုများသည် များစွာအဓိပ္ပါယ် ရှိကြာင်းလည်း ၎င်းကပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်ရန် မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် အဆင့်မြင့် အရာရှိပိုင်းဆိုင်ရာ ဖလှယ်မှုများတိုးမြှင့်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆန္ဒရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရ အဖွဲ့ မတ် ၃၀ ရက်တွင် ကတိသစ္စာပြုပြီးနောက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ (Xinhua)