Connect with us

Politics

မြန်မာအစိုးရအဖွဲ့၊ လွှတ်တော် အကြီးအကဲများနှင့် တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် တို့ သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်သည် ယမန်နေ့သြဂုတ် ၁၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်နှင့် လွှတ်တော် အဆောက်အအုံတို့တွင် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့တွေ့ဆုံရာတွင် ရေဘေးသင့် ပြည်သူများအား ကယ်ဆယ် ကူညီ ထောက်ပံ့ရေး၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး၊ လယ်ယာ ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍနှင့် ယဉ်ကျေးမှု ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ ရွှေလီ – ကျောက်ဖြူ စီးပွားရေး စြင်္ကန်ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ- တရုတ် ချစ်ကြည် ရင်းနှီးမှု ပိုမို ခိုင်မာရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ-MOI)

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-MOI)

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ရေရှည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရေး၊ တရုတ်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့် ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ယဉ်ကျေးမှုများ ဖလှယ်ရေး၊ အပြန်အလှန် ချစ်ကြည်ရေးခရီး လည်ပတ် နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဒီမိုရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ သဘာဝဘေး ကာကွယ်မှု လုပ်ငန်းများနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ (Xinhua)