Connect with us

Social

မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု သုံးနှစ်ပြည့် အခမ်းအနား ကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှစ်ပြည့်အခမ်းအနား ကိုဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၆ ရက်(ဆင်ဟွာ)

မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု သုံးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည် တော် MICC II တွင် ယနေ့ ညနေပိုင်း ကျင်းပခဲ့ရာ ဒေသတွင်း ခြောက်နိုင်ငံမှ လူငယ် အနုပညာရှင် များ၏ ပန်းချီများ၊ ဓာတ်ပုံများကိုပါ ထည့်သွင်းပြသခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်းလျန်၊ မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့မှ သံရုံး အကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က အဖွင့် အမှာ စကား ပြောကြားရာတွင် “ကြီးမြတ်သော မဲခေါင်မြစ်ဟာ ဒေသတွင်း နိုင်ငံတွေရဲ့ အသက်သွေးကြော ဖြစ်သလို အရှေ့တောင် အာရှ နိုင်ငံ များကို လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြည့်ဆည်း ပံ့ပိုးပေးနေတဲ့ မြစ်ကြီးလည်း ဖြစ်ပါတယ်၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ စုဝေးရာ အရပ်လည်း ဖြစ်သလို ဒေသတွင်း ပြည်သူ တွေကို စွမ်းအား တွေ ပေးနေတဲ့အပြင် ပို့ဆောင် ဆက်သွယ်ရေး၊ သွားလာရေး၊ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးစေဖို့ လည်း စွမ်းဆောင်ပေးနေပါတယ်၊ ဒါ့အပြင် ဒေသတွင်း ပြည်သူ တွေအတွက် အပန်းပြေ စေတဲ့ အခွင့်အလမ်းကောင်းတွေ ရစေပါတယ်။ မဲခေါင် ဒေသတွင်း ပြည်သူတွေဟာ ဘိုးဘွား အစဉ် အဆက်တည်းက တစ်စိတ် တစ်ဝမ်းထဲ တစ်သားတည်း မိသားစု များလို အတူယှဉ်တွဲ နေထိုင် ခဲ့ကြ တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မဲခေါင်မြစ်ကို အတူဝေငှ အသုံးပြုကြတယ်၊ ကျွန်တော်တို့ အားလုံးရဲ့ အနာဂတ်ကိုလည်း အတူ ဝေငှကြပါတယ်” ဟု ပြောကြားခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှစ်ပြည့်အခမ်းအနား တွင်ပြည်ထောင်စုဝန်ကြီးဦးကျော်တင် အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ရန်ပုံငွေ မတည်ပြီး ထူထောင်ခဲ့သည့် မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်သည် ၂၀၁၄ ခုနှစ် နေပြည်တော်၌ ကျင်းပခဲ့သော အာဆီယံ – တရုတ် ထိပ်သီး အစည်းအဝေးမှ စတင် အဆိုပြုခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဆန်းယမြို့၌ ကျင်းပသော ပထမအကြိမ် မဲခေါင် – လန်ချန်း နိုင်ငံခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးမှ တရားဝင် စတင်ခဲ့ကြောင်း၊ ထိုအစီအစဉ်အရ နိုင်ငံရေးနှင့် လုံခြုံရေး၊ လူမှုရေး ယဉ်ကျေးမှုနှင့် ပြည်သူ အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေး ဟူသည့် မဏ္ဍိုင် သုံးခုတွင် ဦးစားပေး ကဏ္ဍများ ဖြစ်သော ပေါင်းစည်း ဆက်နွယ်မှု၊ ထုတ်လုပ်မှု စွမ်းရည် တိုးမြှင့်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ နယ်စပ် ဖြတ်ကျော် စီးပွား ပူးပေါင်း ဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ စိုက်ပျိုး ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအောက် ရှိ စီမံကိန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ခဲ့ကြောင်း၊ ထိုအစီအစဉ်အရ မြန်မာနိုင်ငံမှာ ၂၀၁၆ မှ ၂၀၁၉ အတွင်း စီမံကိန်း စုစုပေါင်း ၂၉ ခု ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေများ ရရှိထားကြောင်း၊ ၂၀၁၉ ခုနှစ် မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီးဒေသတွင်း ပြည်သူတို့ အကြား အသိပညာ ပြန့်ပွားရေးအတွက် ယခု သုံးနှစ်ပြည့် အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှစ်ပြည့်အခမ်းအနား တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က “တူညီသော မြစ်တစ်စင်းအားဖြင့် ကျွန်ပ်တို့ရဲ့ ချိတ်ဆက်ခဲ့မှုမှ စတင်ခဲ့တဲ့ လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အသွင်သစ် ယန္တရားတစ်မျိုး ဖြစ်လာပါတယ်၊ ဒီယန္တရားဟာ မဲခေါင်မြစ် တစ် လျှောက် ရှိ နိုင်ငံ ခြောက်နိုင်ငံတို့ရဲ့ ဘုံလိုအပ်ချက်များကို ချိတ်ဆက်ပေးတဲ့ ယန္တရားလည်း ဖြစ်ပါ တယ်။ ဒီပူးပေါင်းဆောင်ရွက်မှု တရားဝင် စတင်ခဲ့တာ သုံးနှစ်သာရှိသော်လည်းပဲ စီမံကိန်း ၂၆၀ ကျော်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သလို သစ္စာရှိစွာ ဆောင်ရွက်နိုင်ခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ်” ဟု ၎င်း၏ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှစ်ပြည့်အခမ်းအနား တွင်ပြသထားမှုများအား လိုက်လံကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

၂၀၁၈ တွင် တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၅ ဘီလီယံ အထိရောက်ရှိခဲ့ကြောင်း၊ ပြီး ခဲ့သည့် သုံးနှစ် အတွင်း ကုန်သွယ်မှုပမာဏ ၃၀ ရာခိုင်နှုန်းကျော် တိုးလာခြင်း ဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများတွင် တရုတ်နိုင်ငံ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂ ဘီလီယံသို့ ထိပ်ဆုံးကို ရောက်ခဲ့ကြောင်းနှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် သုံးနှစ်အတွင်း ၆ဝ ရာခိုင်နှုန်းနီးပါး တိုးလာခြင်း ဖြစ်ကြောင်းသံအမတ်ကြီးက ပြောခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှစ်ပြည့်အခမ်းအနား တွင်ပြသထားမှုများအား လိုက်လံကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှစ်ပြည့်အခမ်းအနား တွင်ပြသထားမှုများအား လိုက်လံကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှစ်ပြည့်အခမ်းအနား တွင်ပြသထားမှုများအား လိုက်လံကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှစ်ပြည့်အခမ်းအနား တွင်ပြသထားမှုများအား လိုက်လံကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

မဲခေါင်ဒေသတွင်း နိုင်ငံများ အကြားမှာ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်များ ရှိနေခြင်းကို လျှော့ချ ရေးအတွက် ဒေသတွင်း နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ပြီး တစ်စုတစ်စည်းတည်း ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက် မှုတွင် special fund များ ထား၇ှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး အသုတ် မဲခေါင် – လန်ချန်း အထူး ရန်ပုံငွေဖြင့် စီမံကိန်း ၁၀ ခု ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယ အသုတ်တွင် စီမံကိန်း ၁၉ ခု ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း၊ အဆိုပါ စီမံကိန်း ၂၉ ခုတို့အတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၉ ဒသမ ၇ ဘီလျံ ရရှိထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.