Connect with us

Africa & Middle East

နိုင်ဂျာနိုင်ငံတွင် အမျိုးသမီးငယ် ၁၅ ဦးကို ဘိုကိုဟာရမ် အစွန်းရောက်သမားများက ပြန်ပေးဆွဲ

ဘိုကိုဟာရမ်အစွန်းရောက်များ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ကျေးရွာတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နီယာမေ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ပြည်နယ်၌ နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ဘိုကိုဟာရမ် အစွန်းရောက်သမားများက အမျိုးသမီးငယ် အနည်းဆုံး ၁၅ ဦးကို ပြန်ပေးဆွဲသွားကြောင်း ၎င်းပြည်နယ် လွှတ်တော်အမတ်တစ်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပြန်ပေးဆွဲမှုမှာ Diffa ပြည်နယ် Toumourဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ နိုင်ဂျာနိုင်ငံအစိုးရကလည်း ပြန်ပေးဆွဲခံရသော အမျိုးသမီးငယ်များကို အချိန်မီပြန်လည်ရှာတွေ့နိုင်ရန် ၎င်းဒေသတွင် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း သိရသည်။Diffa ပြည်နယ်သည် နိုင်ဂျာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံ၏ နယ်စပ်ဒေသတွင်ဖြစ်ရာ ယခုနှစ်များတွင် ဘိုကိုဟာရမ် အစွန်းရောက်များက ၎င်းဒေသကို အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်သောကြောင့် လူသေဆုံးဒဏ်ရာရမှု အမြောက်အမြား ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုလ ၂၁ ရက် ညပိုင်း က Diffa ပြည်နယ်Toumourဒေသရှိ ပြင်သစ်ကုမ္ပဏီတစ်ခုကို ဘိုကိုဟာရမ်များ ဝင်ရောက် တိုက်ခိုက်ရာ အနည်းဆုံး လူ ၆ သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ဘိုကိုဟာရမ် အစွန်းရောက်အဖွဲ့အစည်းသည် ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့ဝင်များ သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် လှုပ်ရှားလေ့ရှိရာ ၎င်းနှင့်ဆက်စပ်နေ သည့် နိုင်ဂျာနိုင်ငံတောင်ပိုင်းဒေသအတွက် လုံခြုံရေးအန္တရာယ်ဖြစ်စေသည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ တွင် နိုင်ဂျီးရီယား၊ကင်မရွန်း၊ နိုင်ဂျာ၊ ချဒ် စသည့်နိုင်ငံများက နိုင်ငံစုံတပ်ဖွဲ့ဖွဲ့စည်းကာ ဘိုကိုဟာရမ်များ ကို ချေမှုန်းလျက်ရှိကြောင်း သိရသည်။ (Xinhua)