Connect with us

Africa & Middle East

ဘာရိန်း နှင့် ကာတာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ရပ်စဲ

ကာတာနိုင်ငံအမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံတော်အလံအား စစ်ချီတပ်အလေးပြုနေသည်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင်တွေ့ ရစဉ်(ဆင်ဟွာ)

မနာမာ ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဘာရိန်းနိုင်ငံက ၎င်းတို့၏ တည်ငြိမ်ရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကာတာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးကို ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း ယနေ့(ဇွန်လ ၅ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်ကြောင်း ဘာရိန်းသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

သတင်းဌာနများက ဖော်ပြသည့် ထုတ်ပြန်ချက်ထဲတွင် ဘာရိန်း နိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် ကာတာနိုင်ငံက ဝင်ရောက်စွက်ဖက်နေကြောင်း ၊ ၎င်းတို့နိုင်ငံအားဆန့်ကျင်သည့် အနုတ်လက္ခဏာဆောင်သည့် သတင်းများကို ဖော်ပြနေကြောင်း ၊ နိုင်ငံအတွင်းပဋိပက္ခများ နှင့် အီရန်နိုင်ငံက ငွေကြေးထောက်ပံ့မှုပြုလုပ်ထားသည့် အကြမ်းဖက်ဝါဒီများအပါအဝင် အကြမ်းဖက်သမားများ နှင့် လက်နက်ကိုင်အုပ်စုများကို ထောက်ခံအားပေးနေကြောင်း ဖော်ပြထားသည်။

ကာတာနိုင်ငံသို့ရောက်ရှိနေသော ဘာရိန်းသံတမန်များကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း နှင့် ဘာရိန်းနိုင်ငံအတွင်းရှိ ကာတာသံတမန်များကိုလည်း နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်းထွက်ခွာသွားရန် အမိန့်ပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါကြေညာချက်ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း ဘာရိန်းနိုင်ငံသည် ကာတာနိုင်ငံနှင့်ဆက်သွယ်ထားသော လေကြောင်း ၊ ရေကြောင်း ဆက်သွယ်မှုအားလုံးကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရသည်။တစ်ချိန်တည်းမှာ ဘာရိန်းနိုင်ငံအတွင်းရောက်ရှိနေသော ကာတာနိုင်ငံသားများကို ၁၄ ရက်အတွင်း နိုင်ငံမှ ထွက်ခွာသွားရန် အမိန့်ပေးထားသလို ကာတာနိုင်ငံကလည်း ၎င်းတို့နိုင်ငံသို့ ဘာရိန်းနိုင်ငံသားများ ဝင်ရောက်ခွင့်ကို တားမြစ်လိုက်ကြောင်း သိရသည်။ (Xinhua)