Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ က ဂျေရုစလင် မြို့ရှိ အစ္စရေး နိုင်ငံ ဆိုင်ရာ သံရုံး ကို မေလပိုင်း တွင် တရားဝင် စတင် ဖွင့်လှစ် မည် ဖြစ်ကြောင်း ကြေညာ

ပါလက်စတိုင်း နိုင်ငံသား များက ဂျေရုစလင် မြို့အား အစ္စရေး နိုင်ငံ ၏ မြို့တော် အဖြစ် ကြေညာမှု အပေါ် ဆန္ဒပြမှုများ ပြုလုပ်ခဲ့စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heather Nauert က အမေရိကန် နိုင်ငံ အနေဖြင့် ဂျေရုစလင် မြို့ရှိ အစ္စရေး နိုင်ငံ ဆိုင်ရာ သံရုံး ကို မေလပိုင်း တွင် တရားဝင် စတင် ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

Nauert က သံရုံး ဖွင့်လှစ်ချိန် သည် အစ္စရေး နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့်နှစ်ချိန် ဖြစ်ပြီး သံရုံးစတင်ဖွင့်လှစ် ချိန်တွင် သံအမတ်ကြီး နှင့် ဝန်ထမ်းအချို့ လုပ်ငန်းတာဝန် များ စတင် ထမ်းဆောင်မည် ဖြစ်ကာ လုပ်ငန်း ပမာဏ များကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ဂျေရုစလင် မြို့တွင် ရေရှည်အဆောက်အဦ တည်ဆောက် နိုင်သည့် တည်နေရာ ကို ရွေးချယ်သွားမည် ဖြစ်ပြီး သံရုံး တည်ဆောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပါလက်စတိုင်း နိုင်ငံ သမ္မတ အိမ်တော် က ဖေဖော်ဝါရီ ၂၃ ရက်နေ့၌ အမေရိကန် နိုင်ငံ ၏ တစ်ဖက်သတ် ဆောင်ရွက်မှုများ နှင့် ပတ်သက်၍ သတိပေးပြောကြားခဲ့ပြီး သမ္မတ အိမ်တော် ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှုများသည် ငြိမ်ချမ်းရေး အတွက် အထောက်အကူ မဖြစ်သည့် အပြင် ဥပဒေ အရလည်း ခိုင်လုံမှု မရှိကြောင်း ပြောကြား ခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် အမေရိကန် နိုင်ငံ သမ္မတ က ဂျေရုစလင် မြို့အား အစ္စရေး နိုင်ငံ ၏ မြို့တော် အဖြစ် အသိအမှတ် ပြုခဲ့ပြီး အစ္စရေး နိုင်ငံ ဆိုင်ရာ သံရုံး အား ဂျေရုစလင် မြို့သို့ ပြောင်းရွှေ့ရန် လုပ်ငန်းစဉ် များကို စတင်စေခဲ့သည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဂျေရုစလင် မြို့အား အစ္စရေး နိုင်ငံ မှ ပိုင်ဆိုင်ခြင်း အပေါ် အများအားဖြင့် လက်မခံကြကြောင်း သိရှိရသည်။(Xinhua)