Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ် မြို့တွင် ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၅၇ ဦး အထိ မြင့်တက်လာ

အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ် တွင် ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၏ မိသားစုဝင်များ ဆေးရုံ ပြင်ပ တွင် စောင့်ဆိုင်းနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အများပြည်သူကျန်းမားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ဧပြီလ ၂၂ ရက်နေ့တွင် မြို့တော် ကဘူးလ် ၌ ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၅၇ ဦး အထိ မြင့်တက်လာပြီး ၁၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အများပြည်သူကျန်းမားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အများစု မှာ အရပ်သားများ ဖြစ်ကြပြီး သေဆုံးသူများအနက် ၂၁ ဦး မှာ အမျိုးသမီးများ ဖြစ်ကာ ကလေးငယ် ၅ ဦးလည်း ပါဝင်ကြောင်း ၊ ထို့ပြင် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၇ နှင့် ကလေးငယ် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းမီဒီယာ များအား ပြောကြား ခဲ့သည်။

ကဘူးလ် တွင် ဖြစ်ပွား ခဲ့သည့် လူများသေဆုံး စေခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု အား IS အစွန်းရောက် အဖွဲ့အစည်း က ဆောင်ရွက်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။ဗုံးခွဲတိုက်ခိုက်မှု အား ကြုံတွေ့ခဲ့သူ တစ်ဦး မှ ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားချိန် တွင် မှတ်ပုံတင်ရုံး ၌ လူအများစုဝေးရောက်ရှိနေကြကြောင်း ၊ အသေခံ ဗုံးခွဲတိုက်ခိုက်သူ တစ်ဦး က လူစုလူဝေး အတွင်းသို့ ပြေးဝင်လာခဲ့ပြီး ကိုယ်ပေါ်တွင် တပ်စင် ထားသည့် ဗုံးများအား ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ၊ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူအများ သေဆုံးဒဏ်ရာရရှိခဲ့ကြသည့် အပြင် ပတ်ဝန်းကျင်ရှိ အဆောက်အဦ နှင့် ကားများလည်း ပျက်ဆီး ခဲ့ရကြောင်း သိရှိရသည်။

ဒေသတွင်း သတင်းမီဒီယာ များ က ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများ အနက် အချို့မှာ ဒဏ်ရာလွန်စွာ ပြင်းထန်သဖြင့် သေဆုံးသူ စာရင်း ပိုမိုမြင့်တက် လာနိုင်ကြောင်း ရေးသား ဖော်ပြ ခဲ့ကြသည်။အာဖဂန်နစ္စတန် နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် က ယခုလဆန်း ပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲ အား ယခု နှစ် အောက်တိုဘာ ၂၀ ရက်နေ့ ၌ ကျင်းပ မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက် ထွက်ရှိပြီးနောက်တွင် မဲဆန္ဒရှင် များက ဧပြီလ ၁၄ ရက်နေ့ မှ စတင်၍ ရွေးကောက်ပွဲ ဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက် ခဲ့ကြသည်။ သို့သော် ပြီးခဲ့သည့် တစ်ပတ် အတွင်း ဆန္ဒမဲပေးမှု မှတ်ပုံတင်ရုံး များအား ပစ်မှတ်ထား တိုက်ခိုက်သည့် ဆောင်ရွက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ရွေးကောက်ပွဲ အတွက် ပုံရိပ်ဆိုး ဖြစ်ပွား လာစေခဲ့ကြောင်း သိရှိရသည်။(Xinhua)