Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ၌ IS အကြမ်းဖက် တပ်ဖွဲ့ ၏ တပ်ဖွဲ့ခွဲ ၄ ခုကို ချေမှုန်း နိုင်ခဲ့ပြီး အဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ကြေညာ

ရီယာ့ဒ် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်း အနေဖြင့် IS အကြမ်းဖက် တပ်ဖွဲ့ ၏ တပ်ဖွဲ့ခွဲ ၄ ခုကို ချေမှုန်း နိုင်ခဲ့ပြီး အဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့ က ထုတ်ပြန် ကြေညာ ခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယခု ချေမှုန်းခဲ့သည့် IS အကြမ်းဖက် တပ်ဖွဲ့ ၏ တပ်ဖွဲ့ခွဲ ၄ ခု သည် ဆော်ဒီအာရေဗျ နိုင်ငံ Mecca ၊ Medina ၊ Riyadh နှင့် Kassem စသည့် ဒေသ များတွင် လှုပ်ရှားနေသော အဖွဲ့များ ဖြစ်ကြပြီး ဖမ်းဆီးခံရသည့် အဖွဲ့ဝင် ၁၈ ဦးအနက် ယီမင် နိုင်ငံသား ၂ ဦး နှင့် ဆူဒန် နိုင်ငံသား တစ်ဦးတို့မှ လွဲ၍ ကျန်ရှိသူ အားလုံးမှာ ဆော်ဒီ နိုင်ငံသားများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ပြောရေးဆိုခွင့်ရှိသူက ယခု အဖွဲ့ဝင် များသည် ဝရမ်းထုတ် ထားသည့် အကြမ်းဖက် အဖွဲ့ဝင်များကို အကာအကွယ်ပေးခြင်း ၊ IS အဖွဲ့ဝင်များ ရှာဖွေစုဆောင်းပေးခြင်း ၊ ပြည်ပ တွင်ဖြစ်ပွားနေသည့် စစ်ပွဲများ အတွက် အထောက်အပံ့ပေးခြင်း ၊ အင်တာနက်ပေါ်တွင် အကြမ်းဖက်ဝါဒများ ဖြန့်ချိခြင်း နှင့် အသေခံ အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ပေါက်ကွဲစေသည့် လက်နက်များ ထောက်ပံ့ပေးခြင်း စသည့် တို့ကို ဆောင်ရွက်ခဲ့သူများဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူက ယခု ဆောင်ရွက်ခဲ့သည့် အဖွဲ့ခွဲ ၄ ခုအားချေမှုန်းသည့် စစ်ဆင်ရေး တွင် လုံခြုံရေး ဝန်ထမ်းများမှ သေနတ်အမြောက်အမြားနှင့် ငွေစက္ကူ အမြောက်အမြားကိုလည် သိမ်းစည်း နိုင်ခဲ့ကြောင်း ၊ ဆော်ဒီ လုံခြုံရေး အဖွဲ့အစည်း အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်း များကို လက်ဦးမှုယူကာ တိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက် ဝါဒ ကို ချေမှုန်းသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)