Connect with us

Africa & Middle East

နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar Impulse 2 အဘူဒါဘီသို့ ရောက်ရှိ ၎င်း၏ ကမ္ဘာတစ်ပတ် ခရီးစဉ် ပြီးဆုံး

အဘူဒါဘီမြို့သို့ ရောက်ရှိလာသည့် နေရောင်ခြည် စွမ်းအင်သုံးလေယာဉ် Solar Impulse 2 အား တွေ့ရစဉ် (ဆင်ဟွာ)

အဘူဒါဘီ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဆွစ်ဇာလန် နိုင်ငံသား စွန့်ဦး တီထွင်သူ Bertrand Piccard မောင်းနှင် ပျံသန်းလာသော နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar Impulse 2 (SI2) သည် ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်း၌ အဘူဒါဘီမြို့သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လ ၉ ရက်တွင် စတင်ခဲ့သည့် ကမ္ဘာတစ်ပတ် ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

အလျား ၂၂ မီတာ ရှည်လျားသည့် Solar Impulse 2 (SI2) ၏ ၁၇ ကြိမ်နှင့် နောက်ဆုံး အကြိမ် ဖြစ်သည့် ကိုင်ရိုမြို့မှ အဘူဒါဘီမြို့သို့ ခရီးစဉ်သည် ၄၈ နာရီ ကြာမြင့်ခဲ့ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၊ အဘူဒါဘီမြို့ရှိ Al Bateen လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၄း၀၅ နာရီတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အသက် ၅၈ နှစ် အရွယ်ရှိ Bertrand Piccard အား ဆွစ်ဇာလန်နိုင်ငံသား ၎င်း၏ တွဲဖက် တည်ထောင်သူ နှင့် တွဲဖက် လေယာဉ်မှူး ဖြစ်သည့် Andre Borschberg ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ဝန်ကြီး Sultan Ahmed Al Jaber ၊ ဆွစ်ဇာလန်နိုင်ငံ ဒုတိယသမ္မတ Doris Leuthard နှင့် မိုနာကို မင်းသား Albert 2 တို့က လေဆိပ်တွင် လာရောက် ကြိုဆိုခဲ့ကြပြီး ရာပေါင်းများစွာသော သတင်းမီဒီယာ သမားများ၊ UAE ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် မိုနာကို နိုင်ငံမှ တာဝန်ရှိသူများ ကလည်း ကြိုဆို ခဲ့ကြသည်။
Piccard က တွဲဖက် လေယာဉ်မှူး ဖြစ်သူ Andre Borschberg နှင့် ၎င်းတို့သည် ယခုအချိန်မျိုးကို စောင့်ဆိုင်းခဲ့သည်မှာ ၁၅ နှစ် ရှိပြီး ဖြစ်ကြောင်း လေယာဉ်မြေပြင်သို့ ဆင်းသက်ပြီးနောက် ပထမဆုံး ပြောကြားခဲ့သည်။
၎င်းက ထပ်မံ၍ ကီလိုမီတာ ၄၀,၀၀၀ အကွာအဝေးရှိသည့် ခရီးစဉ်အား လောင်စာဆီ လုံးဝအသုံးမပြုပဲ ပျံသန်းလာခြင်း ဖြစ်ကာ အနာဂါတ်တွင် ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြု၍ ကမ္ဘာကြီးအား သန့်ရှင်းအောင် ပြောင်းလဲနိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Solar Impulse 2 (SI2) ၏ ၁၆ လကြာ ပျံသန်းခဲ့သည့် ကမ္ဘာပတ် ခရီးစဉ်အတွင်း SI2 သည် အိုမန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဥရောပတိုက်နှင့် အာဖရိကတိုက် တို့တွင် ရပ်နားခဲ့ကြောင်း သိရသည်။ Solar Impulse 2 (SI2) တွင် လေယာဉ်မှူး အတွက် ထိုင်ခုံတစ်ခုံသာ ပါရှိ၍ ဆွစ်ဇာလန် နိုင်ငံသား လေယာဉ်မှူး နှစ်ဦးသည် ခရီးစဉ် တစ်ခုနှင့် တစ်ခုအား တစ်လှည့်စီ မောင်းနှင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.