Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ မြေပြိုမှုဖြစ်ပွားရာ ၇ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ဇွန်လက မြေပြိုမှုဖြစ်ပွားခဲ့သော မြင်ကွင်းတစ်ခုအားတွေ့ ရစဉ် (ဆင်ဟွာ)

ဂျကာတာ ၊ ဖေဖော်ဝါရီ ၁ဝ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဘာလီကျွန်း၌ ဖေဖော်ဝါရီလ ၉ ရက် ညသန်းခေါင်ယံအချိန်မတိုင်မီက မြေပြိုပြီး လူနေအိမ်များကို ရိုက်ခတ်မှုဖြစ်ပွားရာ လူ ၇ ဦး သေဆုံးသွားကြောင်း နှင့် အခြား ၄ ဦးထိခိုက်ဒဏ်ရာ ရသွားကြောင်း အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁ဝ ရက် နံနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဘန်လီခရိုင် Songan ကျေးရွာ၌ ဒေသစံတော်ချိန် ည ၁၁ နာရီခန့်တွင် တောင်ပြိုမှုဖြစ်ပွားပြီး လူနေအိမ် ၅ လုံးကို ရိုက်ခတ်သွားခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

မြေပြိုမှုအတွင်း မြေသားဖုံးအုပ်ခံလိုက်ရသော ရုပ်အလောင်းအားလုံးကို ပြန်လည်တူဖော်တွေ့ရှိခဲ့ကြောင်း နှင့် ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ကြက်ခြေနီတပ်ဖွဲ့ဝင်များအပါအဝင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ၊ ဒေသတွင်းရှာဖွေရေးအဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် စစ်သားများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း Sutopo ကပြောသည်။

Jembrana ခရိုင် ၊ Buleleng ခရိုင် ၊ Badung ခရိုင် ၊ Tabanan ခရိုင် နှင့် Gianyar ခရိုင်များတွင် ဖေဖော်ဝါရီလ ၁၁ ရက်ထိ မြေပြိုမှုများ ၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ခြေရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြည်သူများထံသို့ သတိပေးချက်ထုတ်ပြန်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှု နှင့် မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)