Connect with us

Asia

အိန္ဒိယနိုင်ငံရှိ ချောက်အတွင်း ကားတစ်စီးပြုတ်ကျပြီးနောက် လူ ၅ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံတွင် ကားတစ်စီး ချောက်ထဲပြုတ်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မေ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်တွင် မေလ ၂ ရက်က ချောက်နက်ကြီးတစ်ခုအတွင်းသို့ ကားတစ်စီးပြုတ်ကျပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားသူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ် မြို့တော် ရှင်မ်လာမြောက်ဘက် ၁၇၀ ကီလိုမီတာခန့်အကွာ မန်ဒီခရိုင် ပတ်ဟာကျေးရွာတွင် လူ ၁၀ ဦးအား တင်ဆောင်လာသည့် ကားတစ်စီးမှာ တောင်ထူထပ်သော လမ်းမှချော်ကျကာ ပေ ၂၅၉ နက်သော ချောက်အတွင်းသို့ ပြုတ်ကျသွားကာ လူ ၅ ဦးပွဲချင်းပြီးသေဆုံး၍ လူ ၅ ဦးဒဏ်ရာရခဲ့ကြောင်း မန်ဒီတွင် တာဝန်ကျနေသည့် ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ သေဆုံးသူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးက ဒေသခံတွေပါ” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

ထို့ပြင် ဒဏ်ရာရရှိသူများအား ပတ်ဟာကျေးရွာရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အချို့မှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း ရဲတပ်ဖွဲ့အဆိုအရ သိရသည်။

ယာဉ်မောင်းမှာ ယာဉ်ကို မထိန်းနိုင်ဘဲ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)