Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် ဝက်ကောင်ရေ ၄ သန်းကျော်ကို သုတ်သင်

ဗီယက်နမ်နိုင်ငံရှိ ဝက်မွေးမြူရေးခြံတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် သြဂုတ်လအတွင်း နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် ၆၃ ခုအနက် ၆၂ ခုတွင် ဝက်တုပ်ကွေးရောဂါ (ASF) ဖြစ်ပွားလျက်ရှိနေသောကြောင့် ဝက်ကောင်ရေ ၄ သန်းကျော်ကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သြဂုတ် ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလတွင် နိုင်ငံမြောက်ပိုင်း Hung Yen ပြည်နယ်၌ ဝက်တုပ်ကွေးရောဂါစတင်ဖြစ်ပွားခဲ့ပြီး အဆိုပါတိရစ္ဆာန်မှတစ်ဆင့် ကူးစက်သောရောဂါသည် ကျေးရွာအုပ်စုပေါင်း ၇,ဝဝဝ နီးပါးအထိ ကူးစက်ခဲ့ကြောင်း ၊ အထူးသဖြင့် ခရိုင်ပေါင်း ၆ဝဝ ၊ မြို့ပေါင်း ၆၂ မြို့နှင့် ဒေသများတွင် ဖြစ်ပွားခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Le Quoc Doanh ၏ သြဂုတ် ၂၁ ရက်တွင် ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

ယခုနှစ်အစောပိုင်းတွင် ဝက်ကောင်ရေ ၂၇ သန်းကျော်အထိ မွေးမြူထားသော ဗီယက်နမ်နိုင်ငံသည် အရှေ့အတောင်အာရှ နိုင်ငံများတွင် ဝက်ကောင်ရေအများဆုံးမွေးမြူထားသော နိုင်ငံအဖြစ်ရပ်တည်ခဲ့ကြောင်း ၊ ၂ဝ၁၅ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်အထိ နိုင်ငံအတွင်း၌ နှစ်စဉ် ဝက်ကောင်ရေ တိုးပွားမှုနှုန်းမှာ ဝ.၉ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ဝက်တုပ်ကွေးရောဂါသည် ပြည်တွင်းပြည်ပ ဝက်မျိုးစိတ်နှစ်ခုစလုံးတွင် ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး ဝက်အရှင် ၊ ဝက်အသေကောင် နှင့် ဝက်သားများတွင် ပျံ့နှံ့ကူးစက်နိုင်သော ရောဂါမျိုးဖြစ်သည်။ ထို့ပြင် ဝက်တုပ်ကွေးရောဂါသည် လူသားများအား ထိခိုက်မှုမရှိသော်လည်း ဝက်များ နှင့် တောဝက်များတွင် အပူချိန်တက်သည့် အပြင်းဖျားရောဂါဖြစ်ပွားကာ အများစုသေဆုံးရကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ချုပ် ၏ ပြောကြားချက် အရသိရသည်။(Xinhua)