Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း Lee Myung-bak အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံရ

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း Lee Myung-bak အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံအမြင့်ဆုံးတရားရုံး က အကျင့်ပျက်ခြစားမှုစသည့် ပြစ်မှုများဖြင့် တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း Lee Myung-bak အား အောက်တိုဘာ ၂၉ ရက်၌ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံအမြင့်ဆုံးတရားရုံးက ဒုတိယအကြိမ်တရားစီရင်ချက်အား အတည်ပြုခဲ့ပြီး Lee Myung-bak အား ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခဲ့သည်။ ထို့ပြင် Lee Myung-bak  အား ဒဏ်ငွေ အဖြစ် တောင်ကိုရီးယားငွေ ဝမ် ၁၃ ဘီလီယံ ပေးဆောင်ရန်ချမှတ်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ဝမ် ၅.၇၈ ဘီလီယံ ကို ပြန်လည်ပေးဆောင်ရန်ချမှတ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အမြင့်ဆုံးတရားရုံးက Lee Myung-bak  အား အာမခံမပေးသည့်ဆုံးဖြတ်ချက်အား ဆက်လက်ထိန်းသိမ်းခဲ့ပြီး လာမည့်ရက်အနည်းငယ်အတွင်း
ထောင်အတွင်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၈ခုနှစ် ဧပြီလတွင် တောင်ကိုရီးယားနိုင်ငံတရားရုံး က အကျင့်ပျက်ခြစားမှု ၊ အခွင့်အာဏာအလွဲသုံးစားမှု ၊ အခွန်တိမ်းရှောင်မှု စသည့်ပြစ်မှုများဖြင့် Lee Myung-bak   အား တရားစွဲဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် Lee Myung-bak  အား ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကာ ဒဏ်ငွေ ဝမ် ၁၃ ဘီလီယံပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ Lee Myung-bak   က ချမှတ်ခဲ့သည့်အမိန့်ကို မကျေနပ်ဘဲ အယူခံဝင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ တွင် ဆိုးလ်တရားရုံးချုပ်က ဒုတိယအကြိမ် စီရင်ချက်ချမှတ်ခဲ့ကာ Lee Myung-bak   အားထောင်ဒဏ် ၁၇ နှစ်ချမှတ်ခဲ့ပြီး ပြစ်မှုကျူးလွန်သည့်ငွေကြေးပမာဏက ပထမအကြိမ် စီရင်ချက်ချမှတ်စဉ်ကထက်ပိုမိုများပြားလာသောကြောင့် ဒုတိယအကြိမ်စီရင်ချက်တွင် ပြစ်ဒဏ်ချမှတ်ခြင်း ပိုမိုပြင်းထန်ခဲ့သည်။

Lee Myung-bak   သည် ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၀၈ ခုနှစ် မှ ၂၀၁၃ ခုနှစ် အတွင်း တောင်ကိုရီးယားနိုင်ငံသမ္မတ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် Jeon Doo-hwan ၊ Noh Tae-woo နှင့် Park Geun-hye တို့ပြီးနောက်စတုတ္ထမြောက် ထောင်ဒဏ်ချမှတ်ခံရသည့် တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်းဖြစ်ကြောင်း သိရှိရသည်။  (Xinhua)