Connect with us

Europe

ပြင်သစ်နိုင်ငံသား လူမည်းတစ်ဦးသေဆုံးခဲ့ရမှုအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ပါရီမြို့၌ လူရာပေါင်းများစွာ ဆန္ဒပြတောင်းဆို

လူမည်းအမျိုးသား သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ တရားမျှတမှုဖော်ဆောင်ပေးရန် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဇွန် ၂ ရက်က ဆန္ဒပြနေကြစဉ်(ဓာတ်ပုံ-အင်တာနက်)

ပါရီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

၂၀၁၆ ခုနှစ်က ရဲအချုပ်ခန်းတွင် ပြင်သစ်နိုင်ငံသား လူမည်းအမျိုးသား Adama Traore သေဆုံးခဲ့ရခြင်းအပေါ် တရားမျှတမှုဖော်ဆောင်ပေးရန် ပါရီမြို့၌ ဇွန် ၂ ရက် ညနေပိုင်းက လူပေါင်း ၁၉,၀၀၀ ကျော် ပါဝင်ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ BFM သတင်းဌာနက ဖော်ပြခဲ့သည်။

ဆန္ဒပြသူများသည် ဇွန် ၂ ရက် မွန်းလွဲပိုင်းတွင် ပါရီမြို့တော် မြောက်ပိုင်း မြို့ပတ်လမ်းအနီးရှိ ပါရီတရားရုံးရှေ့သို့ စုဝေးရောက်ရှိခဲ့ကြပြီး “ လူမည်းတွေလည်း အသက်နဲ့ပါပဲ” ဟူ၍လည်းကောင်း “ ကျွန်တော်အသက်ရှူလို့မရတော့ဘူး” ဟူ၍လည်းကောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ ပြီးခဲ့သော ရက်သတ္တပတ်က အမေရိကန်နိုင်ငံ၌ ရဲတပ်ဖွဲ့၏ ဥပဒေမဲ့ပြုကျင့်မှုကြောင့် သေဆုံးခဲ့ရသည့် အာဖရိကန်အမေရိကန် လူမျိုး George Floyd အား ရည်ညွှန်း၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ 

အဆိုပါ ဆန္ဒပြပွဲသည် နာရီအနည်းငယ်အကြာတွင် အဓိကရုဏ်းအသွင်ပြောင်းလဲသွားခဲ့ပြီး ဆန္ဒပြသူအချို့က မီးရှို့ခြင်း နှင့် အတားအဆီးပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ရာမှ  ပါရီမြို့ပတ်လမ်းသည်လည်း လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသား လူမည်းတစ်ဦးဖြစ်သည့် Traore သည် ၂၀၁၆ ခုနှစ်က အငြင်းပွားဖွယ်မှတ်ပုံတင် စစ်ဆေးခံခဲ့ရပြီး ၎င်းအား ရဲကားဖြင့်ခေါ်ဆောင်သွားစဉ် လမ်း၌ သတိလစ်မေ့မြောသွားခဲ့ကြောင်း နှင့် ရဲစခန်းရောက်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း ပြင်သစ်မီဒီယာက ဖော်ပြခဲ့သည်။ ယင်းဖြစ်စဉ်တွင် အဖမ်းခံရအမျိုးသားသည် ယခင်က ရာဇဝတ်ပြစ်မှု မှတ်တမ်း လုံးဝ မရှိဘူး သူတစ်ဦးဖြစ်ကြောင်း သတင်းဌာနများစွာက ရေးသားဖော်ပြခဲ့ကြသည်။

Traore အားဖမ်းဆီးရာတွင် တရားလက်လွန်ပြုကျင့်သည်ဟု စွပ်စွဲခံရသည့် အချင်းဖြစ် ရဲအရာရှိသုံးဦးကို အစိုးရစုံစမ်းစစ်ဆေးရေးအရာရှိများက အပြစ်မရှိကြောင်းပြောဆိုပြီး ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ စုံစမ်းစစ်ဆေးရေးအရာရှိများ၏  ကနဦးဆေးစစ်ချက်များအရ အသက် ၂၄ နှစ်အရွယ် Traore သေဆုံးမှုသည် နှလုံးရောဂါဖြင့်သေဆုံးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Traore မိသားစုဝင်များကမူ ၎င်းသေဆုံးမှုသည် ရဲတပ်ဖွဲ့၏ နှိပ်စက်မှုကြောင့် အသက်ရှူကြပ်ပြီးသေဆုံးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပါရီရဲတပ်ဖွဲ့က ဆန္ဒပြမှုသည် ခွင့်ပြုချက်မရှိကြောင်း နှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေမှုကြောင့် ပြည်သူများအား လူ ၁၀ ဦးထက် စုရုံးခြင်းကို တားမြစ်ထားကြောင်း ဇွန် ၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117