Connect with us

Europe

ပြင်သစ်နိုင်ငံရှိ ဗလီတစ်လုံး၌ ပစ်ခတ်မှုဖြစ်ပွားရာ ၂ ဉီးဒဏ်ရာရ

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Bayonneမြို့ ၌တည်ရှိသော ဗလီတစ်လုံးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပါရီ ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Bayonneမြို့ ရှိ ဗလီတစ်လုံး၌ အောက်တိုဘာ ၂၈ရက်တွင် အမျိုးသားတစ်ဉီးက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုကြောင့် လူ နှစ်ဉီး ထိခိုက်ဒဏ်ရာရသွားကြောင်း နှင့် သေနတ်သမားကို ဖမ်းဆီးထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

အောက်တိုဘာ ၂၈ ရက် ဒေသစံတော်ချိန် ၁၅ နာရီ ၂၀ မိနစ်တွင် သေနတ်သမားက ဗလီတံခါးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ ပစ်ခတ်မှုကို လူ နှစ်ဉီးက တွေ့ရှိပြီး သေနတ်သမားအား တားဆီးရန်ကြိုးပမ်းစဉ် ကျည်ထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း Pyrenees-Atlantiques စီရင်စုဒေသခံအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

သေနတ်သမားသည် ပစ်ခတ်မှုပြုလုပ်ပြီးနောက် ကားတစ်စီးဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း နှင့် Les Landes ရှိ ၎င်းနေအိမ်အနီးတွင် အဖမ်းခံခဲ့ရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာရသွားသူ နှစ်ဉီးမှာ အသက် ၇၈ နှစ် နှင့် ၇၄ နှစ် အရွယ် အသီးသီးရှိသော အမျိုးသားကြီးများဖြစ်ကြောင်း နှင့် ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သေနတ်သမားမှာ အသက် ၈၀ ကျော် အဖိုးအိုတစ်ဉီး ဖြစ်ကြောင်း နှင့် ၎င်းသည် ၂၀၁၅ ခုနှစ်က ပြုလုပ်သော ပြည်နယ်ရွေးကောက်ပွဲတွင် Marine Le Pen ဉီးဆောင်သော  လက်ယာယိမ်း  National Rally ပါတီမှ ပါဝင်ယှဉ်ပြိုင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဉီး ဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

အဆိုပါ သေနတ်သမား၏ ကားထဲတွင် သေနတ်တစ်လက် နှင့် ဂတ်စ်အိုးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)